ကျွန်ုပ်တို့ တကယ်ချစ်နေတာဘာလဲ (အပိုင်း-၂ အဆုံး) အများအကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်ခြင်း

Aug 9, ’11 6:04 AM

ကျွန်ုပ်တို့ တကယ်ချစ်နေတာဘာလဲ (အပိုင်း-၂ အဆုံး) အများအကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်ခြင်း    

     

မိမိစိတ်ခံစားချက်များကို သာလျှင် အဟုတ်ထင် အတည်ယူ အဓိကထားလွန်း ဦးစားပေးလွန်းရာမှ မိမိကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်လောက ကိုပါ စိတ်ဆင်းရဲစေသော-ထိခိုက်စေသော ကာယကံမှု – ၀စီကံမှု များကို ပြုလုပ်မိကြကြောင်း ရှေ့ဆောင်းပါးတွင်ဖော်ပြပြီးဖြစ်လေသည်။

Reverse orderအပြန်အလှန်အားဖြင့် မိမိစိတ်ခံစားချက်များကို အတည်မယူ မဆုပ်ကိုင်ပဲ စိတ်ခံစားချက်များအပေါ် အဟုတ်ထင်ငြိတွယ်မှုကို စွန့်လွတ်နိုင်ပါက မိမိကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်လောက ကိုပါ ကောင်းကျိုး ချမ်းသာများ ဖြစ်ပွါးစေကြောင်း ကို သိနားလည်စေရန် တင်ပြအပ်ပါသည်။

* * * * * * *

၁) အကြိမ်အရာတစ်ထောင်မက ဆွေးနွေးငြင်းခုန် ခဲ့ကြပြီးလေပြီ။

တိုင်းပြည်ကောင်းကျိုး၊ အများကောင်းကျိုး မိမိပတ်ဝန်းကျင်နှင့်တကွ လူသားများ စိတ်အေးချမ်းသာရေး၊ ကမ္ဘာကြီးငြိမ်းချမ်းရေး၊ အများပြည်သူများ ကျန်းမာပျော်ရွှင်ရေး နှင့်တကွ ဘာသာရေး အကြောင်းများ၊ ကိုယ့်ကျင့်တရား (သို့) စောင့်ထိန်းမှု ကျင့်ဝတ်စည်းကမ်းများ အကြောင်းများကျွန်ုပ်တို့အတွေ အကြိမ်အရာတစ်ထောင်မက ဆွေးနွေးငြင်းခုန်ခဲ့ကြပြီးလေပြီ။

သို့ရာတွင် လက်တွေ့တွင်မူ လောက ကောင်းကျိုး၊ လူသားများ ကောင်းကျိုး၊ ကမ္ဘာကြီးငြိမ်းချမ်းရေး၊ မဆိုထားဘိ လက်တစ်ဆုပ်စာ ကျွန်ုပ်တို့ ၏ မိသားစု၊ နီးစပ်ရာ မိတ်ဆွေ၊ ဆွေမျိုးများနှင့်ပင် သဟဇာတ မဖြစ်၊ ရင်ထဲ နေ့စဉ်နှင့်အမျှ မကျေနပ်မှု၊ အစာမကြေမှု၊ ၀န်တိုမှု၊ လောကြီးမှု၊ ပူပန်ယောက်ယက်ခတ်မှုတို့ အနည်း နှင့် အများ ဖြစ်ပေါ်ကာ စိတ်အေးချမ်း တည်ငြိမ်မှု တို့ အလျဉ်းကင်းဝေးနေပေသည်။

မိမိကိုယ်တိုင် က စိတ်နှလုံး တည်ငြိမ်အေးချမ်းမှု မရှိဘဲ (သို့) မိမိ လက်တဆုပ်စာ မိတ်ဆွေ-ဆွေမျိုးများနှင့် ပင် သဟဇာတဖြစ်မှု၊ ဟန်ဆောင်မှုမပါ ပကတိ ငြိမ်းချမ်းရိုးသားစွာ ရင်းနှီးသောဆက်ဆံမှု တို့မရှိပါပဲလျှက် အများကောင်းကျိုး (သို့) မိမိပတ်ဝန်းကျင်နှင့်တကွ လူသားများ စိတ်အေးချမ်းသာရေး၊ ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက် မည်မျှပင် ပြောဆို ငြင်းခုန်မှု နေပါစေ အဆန်မပါသော သင်္ကြန်အမြှောက်များ ပမာ ဖြစ်ပေသည်။

၂) လောက-ကမ္ဘာကြီးငြိမ်းချမ်းဖို့ အတွက်လား

ဆရာကြီး ဦးဂိုအင်ကာအား အင်တာဗျူးတစ်ခုတွင် ကမ္ဘာကြီးငြိမ်းချမ်းမှုအတွက် ရာစုနှစ်ပေါင်းများစွာ လူသားတို့ ကြိုးစားလာခဲ့သော်လည်း ခုချိန်ထိ မအောင်မြင်နိုင်ပဲ စစ်ပွဲများမပြတ်ရှိနေခြင်း အတွက် မည်သို့ လုပ်ဆောင်ရမည် ကို မေးမြန်းလေသည်။ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့ အထူးတလည် ကြီးကြီးကျယ်ကျယ် လုပ်နေရမှာမဟုတ်ပဲ မိမိတို့ တစ်ဦးချင်းစီ၏ စိတ်နှလုံးကို အခြေအနေတိုင်းမှာ ညီညွှတ်မျှတ အေးချမ်းနေသော အကျင့် (၀ိပဿနာနှလုံးသွင်းမှု)ကို လုပ်ဆောင်တတ်ဖို့သာ လိုအပ်ပေသည်။

လူအဖွဲ့အစည်း၊ နိုင်ငံ၊ ကမ္ဘာကြီးဟူသည် တစ်ဦးစီတစ်ဦးစီ စုပေါင်းထားခြင်းမျှသာဖြစ်သဖြင့် တစ်ဦးစီ တစ်ဦးစီတွင် ပူလောင်မှု၊ မကျေနပ်မှု၊ မုန်းတီးမှု၊ အာဃာတများ မရှိလာပါက တစ်ဦးချင်းစီဖြင့် ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်း (သို့) နိုင်ငံအသီးသီးတွင်လည်း ပူလောင်မှု၊ မကျေနပ်မှု၊ မုန်းတီးမှု၊ အာဃာတများကင်းဝေးကာ စစ်ပွဲများ ကင်းဆိတ်သည်ဖြစ်လျှက် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းများ များ တိုးပွားလာကာ ငြိမ်းချမ်းသောနိုင်ငံ(သို့)ကမ္ဘာကြီး ဖြစ်ပေါ်လာပေမည်။

၃) မိမိစိတ်ခံစားချက်- ဝေဒနာများကို အဟုတ်ထင် အတည်ယူ ဆုပ်ကိုင်မှု ကို စွန့်လွှတ်နိုင်သောပညာ

ထို့ကြောင့် မိမိ အတ္တ ကို အဟုတ်ထင်ကာ (သို့) မိမိ စိတ်ခံစားချက်-ဝေဒနာ များကိုသာ ဦးစားပေးလျှက် …..အတည်ယူ ငြိတွယ် ဆုပ်ကိုင်နေမှုကို မှန်မှန်ကန်ကန် စွန့်လွှတ်တတ်မှသာ …..(မိမိ စိတ်ခံစားချက်များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းမှု (၀ါ) အတ္တကို ရှေ့တန်းတင်မှု) …….. အမူအကျင့်များ လျော့နည်းလာကာ အများအကျိုး-လောကကောင်းကျိုးအတွက် ကြည့်တတ် စဉ်စားတတ် လုပ်ဆောင်ပေးတတ်သော အနစ်နာခံနိုင်သော စိတ်သဘောထားများ ဖြစ်လာပေမည်။

မိမိစိတ်ခံစားချက် (ဝေဒနာ) များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းမှု (၀ါ) အတ္တကို ရှေ့တန်းတင်မှု) ကို စွန့်လွှတ်ရန် ကျွန်ုပ်တို့ အပြောလွယ်ကူသလောက် လက်တွေ့တွင်မူ မှန်ကန်စွာ လမ်းညွှန်ပြနိုင်သော ဆရာ(ကလျာဏမိတ္တ မပါဝင်ဘဲ) ခက်ခဲလှကြောင်း အလုပ်စခန်းတွင် တွေ့နိုင်ပါသည်။

မိမိစိတ်ခံစားချက် (ဝေဒနာ) များကို သာလျှင် အဓိကထားသော ဦးစားပေးသောအမူအကျင့်ကို မှန်မှန်ကန်ကန် စွန့်လွှတ်တတ်မှသာ (သို့) ထိုအမူအကျင့်ကို စွန့်လွှတ်တတ်သည့် အတတ်ပညာ ကို ကောင်းမွန်စွာ သိနားလည်-လေ့ကျင့်တတ်ကျွမ်းလာမှသာ စွန့်လွှတ်လာနိုင်ပေမည်။

ထိုအတတ်ပညာကို ၀ိပဿနာဘာဝနာမယပညာဟု ခေါ်ဆိုက ခေါ်ဆိုနိုင်ပါသည်။ (သို့) အများအကျိုးအတွက် မိမိစိတ်ခံစားချက်-ဝေဒနာများကို အဓိကထားမှု အဟုတ်ထင် ဆုပ်ကိုင်မှုကို စွန့်လွတ်နိုင်သည့် ပညာဟုခေါ်ဆိုနိုင်ပါသည်။

(မှတ်ချက်။ အကယ်၍ မိမိ စိတ်ခံစားချက်-ဝေဒနာများအပေါ် အဟုတ်ထင် အတည်ယူ ဆုပ်ကိုင်မှု အဓိကထားလွန်းမှု တို့ တစ တစ လျော့နည်းလာခြင်း မရှိပါက ကျွန်ုပ်တို့ ၀ိပဿနာအလုပ်စခန်းသို့ အမှန် မရောက်သေးဟုပင် ဆိုနိုင်ပါသည်။)

၎) ၀ိပဿနာဘာဝနာမယပညာကို လေ့ကျင့်ရာတွင်

မိမိ အကောင်း အဆိုး ခံစားချက် စိတ်ခံစားချက်(ဝေဒနာ) များကို အဓိကမထားပဲ စွန့်လွှတ်ရမည် ဟု ဆိုသဖြင့် မခံစားရပဲ နေရမည် ဟုမဆိုလိုပါ။ အကောင်းအဆိုး ခံစားမှုများကို ရပ်တန့်ပစ်ရမည်ဟု မဆိုလိုပါ။

မိမိ အကောင်း အဆိုး ခံစားချက် စိတ်ခံစားချက်-ဝေဒနာများနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ နားလည်မှုအစစ်၊ မှန်ကန်သောသဘောထား ဖြစ်ပေါ်ဖို့ အတွက်သာ လေ့ကျင့်ရမည်ဖြစ်သည်။ (တနည်းအားဖြင့်) ၀ိပဿနာဘာဝနာမယပညာကို သိနားလည်လျှက် လေ့ကျင့်ပေးဖို့သာ လိုအပ်ပေသည်။

ဝိပဿနာဘာဝနာမယပညာ အလုပ်စခန်းတွင် –
ကျွန်ုပ်တို့ တန်ဖိုးထားလွန်းနေသော စိတ်ခံစားချက်-ဝေဒနာ များ သည် တကယ့်တော့ အစစ်အမှန် ရှိနေ-ဖြစ်နေသော တရားများမဟုတ်ဘဲ အ၀ိဇ္ဖာ-သင်္ခါရ ဟူဆိုအပ်သော သမုဒယသစ္စာ၏ အသက်သွင်း ပုံဖော် လှည့်စား ဖန်တီးထားမှုသက်သက်ဖြစ်ကြောင်း နားလည်လက်ခံကာ…… စိတ်ခံစားချက်-ဝေဒနာများအပေါ် အဓိကထားလွန်း ဦးစားပေးလွန်းသော အတည်ယူ ဆုပ်ကိုင်နေသော အမူအကျင့် ကို မှန်မှန်ကန်ကန် စွန့်လွှတ်ဖို့ ကြိုးစားရပေသည်။

၅) ၀ိပဿနာဘာဝနာမယပညာ နှင့် အများအကျိုးကို ဆောင်ရွက်နိုင်ခြင်းဆက်စပ်ပုံ

ထို မိမိစိတ်ခံစားချက်-ဝေဒနာများအပေါ် အဓိကထားနေမှု အမူအကျင့် (Traditional habit of the mind) ကို သိနားလည်လျှက် စွန့်လွှတ်တတ် သောအခါ မိမိနှင့် ပတ်ဝန်းကျင်လောကကို ထိခိုက် နစ်နာစေသာ ကာယကံမှု၊ ၀စီကံမှု တို့ကို မပြုလုပ်မိတော့ဘဲ အလိုလို စောင့်ထိန်းပြီးသား ဖြစ်ရုံမျှမက………….
အများကောင်းကျိုး လောကအကျိုးကိုလည်း မှန်ကန်ထိရောက်စွာ စွမ်းဆောင်နိုင်လေသည်။

ထို့ကြောင့် မိမိစိတ်ခံစားချက်-ဝေဒနာ များကို သာလျှင် အဓိကထား ဦးစားပေးလွန်းသောအမူအကျင့်ကို မှန်မှန်ကန်ကန် စွန့်လွှတ်ခြင်းအတတ်ပညာ (သို့) ၀ိပဿနာဘာဝနာမယပညာကို ဘ၀ တွင်
သိနားလည်ဖို့ရန် အရေးကြီးဆုံးဖြစ်လေသည်။

ဝိပဿနာဘာဝနာမယပညာဥာဏ် (၀ါ) မှန်ကန်တဲ့ နားလည်မှုအစစ်၊ မှန်ကန်သောသဘောထား ကပဲ …မိမိစိတ်ခံစားချက် (ဝေဒနာ) များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းသော အမူအကျင့် ကို ပျောက်ပျက်သွားစေရန် စွမ်းဆောင်ပါလိမ့်မည်။ (တနည်းအားဖြင့်) အတ္တကို ရှေ့တန်းတင်မှု (အတ္တအယူ-သက္ကာယဒိဋ္ဌိ)ကို ပြုတ်ထွက်သွားအောင် ကျေးဇူးပြုပေလိမ့်မည်။

မှန်ကန်တဲ့ နားလည်မှုအစစ်၊ မှန်ကန်သောသဘောထား (သို့) မိမိစိတ်ခံစားချက်ကို အဟုတ်ထင်အဓိကထား- ရှေ့တန်းတင်မှု မရှိသဖြင့် အများအကျိုး အများစိတ်ချမ်းသာမှုကို ပိုမို ဦးစားပေး ဆောင်ရွက်နိုင်လာလေသည်။

၆) ၀ိပဿနာဘာဝနာမယပညာ(သို့) အများအကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်စေသောပညာ

ထိုကဲ့သို့ အများအကျိုး အများစိတ်ချမ်းသာဖို့ကို အမှန်တကယ် ဆောင်ရွက်နိုင်စေမည့် စွမ်းအားများကို ဖြစ်စေသော ၀ိပဿနာဘာဝနာမယပညာ ကို ကျွန်ုပ်နားလည်သလောက် .အကျဉ်းမျှ ဖော်ပြအပ်ပါသည်။

အဆိုးများကို ပယ်ကာ အကောင်းများကို ငြိတွယ်လျှက် သိမ်းပိုက်ဖို့ ရယူဖို့ ဖန်တီးကြိုးစားခြင်းမျိုးမဟုတ်ဘဲ။
အကောင်းပဲ ၊ အဆိုးပဲ ၊ လိုချင်စရာပဲ ဒေါသဖြစ်စရာပဲ၊ ငါ့အတွက်ပဲ၊ သူ့အတွက်ပဲ၊ ပူတာပဲ၊ အေးတာပဲ စသည်ဖြင့် သတ်မှတ်ချက်များ ဟူသည် တကယ်တော့ စိတ်၏ အသက်သွင်း ပုံဖော် ဖန်တီးထားမှု ဟု ယုံကြည်လက်ခံရပေမည်။

ထိုကဲ့သို့ စိတ်ထဲမှ ဆန့်ကျင်ဘက်သဘာဝတွေပဲ၊ အကောင်းပဲ-အဆိုးပဲ၊ လိုချင်စရာပဲ-ဒေါသဖြစ်စရာပဲ စသည်ဖြင့် အသက်သွင်း ပုံဖော် ဖန်တီးမှု သည်လည်း တကယ်တော့ ဖြစ်ပြီး ပျက်သွားသဖြင့် အတည်ယူလို့မရ ဆုပ်ကိုင်လို့မရ ဟူသောအမှန်တရားကို နားလည်သဘောပေါက်လျှက် တတ်နိုင်သမျှ သတိရ-သတိထားနေရပေမည်။

တနည်းအားဖြင့်

၁) ပူမှု-အေးမှု၊ နာမှု-မနာမှု၊ ချမ်းသာမှု-ဆင်းရဲမှု၊ စိတ်ပျံလွင့်မှု-စိတ်မပျံလွင့်မှု၊ စိတ်တည်ငြိမ်မှု- စိတ်ယောက်ယက်ခတ်မှု၊ စိတ်ချမ်းသာမှု-စိတ်ဆင်းရဲမှု၊ မကျေနပ်မှု-ကျေနပ်အားရမှု၊ ၀န်တိုမှု-ရက်ရောမှု စသည့် ပြောင်းလဲနေသော ဆန့်ကျင်ဘက် စိတ်ခံစားချက်များ-ဝေဒနာများ ကို အဓိကထားနေမှု သတိထားနေမှု” အစား ………..
……ထိုစိတ်ခံစားချက် -ဝေဒနာများ၏ အမှန်တရားဖြစ်သည့် (((အတည်ယူ-ဆုပ်ကိုင်ရမှာမဟုတ်ခြင်း ဟူသောအမှန်တရား)))ကို မမေ့ရန် သတိထားနေရန် ဖြစ်လေသည် ။

၂) မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ တွေးစိတ်၊ ကြံစိတ်၊ ကိုယ်ကျိုးရှာလိုစိတ်၊ အပြစ်တင်လိုစိတ်၊ မနာလိုစိတ်၊ ပူပန်စိတ်၊ သောကစိတ်၊ လောဘစိတ်၊ ဒေါသစိတ်တွ စသည်ဖြင့် အမျိုးမျိုးသော စိတ်ခံစားချက်များ ကို အဟုတ်ထင်- အတည်ယူကာ အဓိကထား သတိထားနေမှု” အစား……..

….. စိတ်ခံစားချက် ဟူသမျှသည် ဖြစ်ပြီး ပျက်သွားသဖြင့် –
ထို စိတ်ခံစားချက်များ၏ အမှန်တရားဖြစ်သည့်
” အတည်ယူလို့မရခြင်း၊ ဆုပ်ကိုင်ထားလို့မရခြင်း၊ တွေ့ကြုံရုံသက်သက်၊ အသုံးချရုံသက်သက် သာဖြစ်ခြင်း ဟူသော အမှန်တရား” ကို သာ မမေ့ခြင်း အဓိကထားနေခြင်း သတိရနေခြင်း…..ဖြစ်လေသည်။

၃) ဖြစ်ပေါ်လာသမျှ စိတ်ခံစားချက်-ဝေဒနာတွေ အပေါ် အတည်ယူ ဆုပ်ကိုင် အဟုတ်ထင်လျှက် ဖြစ်ပြန်ပြီ – ပျက်ပြန်ပြီ ဟု – “ဖြစ်ပျက်သမျှအပေါ် အဟုတ်ထင် အဓိကထား-သတိထားနေမှု” …. အစား……..

….. ဖြစ်ပေါ်လာသမျှ စိတ်ခံစားချက်-ဝေဒနာတွေ ကို …. အဟုတ်ထင် – တကယ်ထင်ကာ၊ အဓိကထားနေအောင် ဦးစားပေးနေအောင် ( စိတ်၏ )ပုံဖော် အသက်သွင်း ဖန်တီးပြုလုပ်နေမှု (အ၀ိဇ္ဇာ – သင်္ခါရ) ပဲ တကယ် ဖြစ်နေသည်ဟု လက်ခံယုံကြည် နှလုံးသွင်းရန် ဖြစ်လေသည်။

( မှတ်ချက်။ ။ နောက်ပိုင်းအလေ့အကျင့်ရလာသောအခါတွင် ” စိတ်ခံစားချက်-ဝေဒနာတွေဟူသမျှ ကို အဟုတ်ထင် အတည်ယူ ဆုပ်ကိုင်အောင် (စိတ်၏) အသက်သွင်း ပုံဖော် ဖန်တီးနေမှု ကိုယ်၌ကလည်း တကယ်တော့ ပျက်စီးချုပ်ပျောက်နေမှုသက်သက်ဖြစ်သဖြင့် အဟုတ်ထင် – အတည်ယူ ဆုပ်ကိုင်လို့မရသော သဘာဝတရားသက်သက်အဖြစ် နားလည် လက်ခံရပေမည်။

၎) မိမိနားလည်သော ဝေဒနာတွေ၊ စိတ်ခံစားချက်တွေ ကို အတည်ယူ ဆုပ်ကိုင်ကာ အဟုတ်ထင် အဓိကထား သတိထားနေမှု အစား…….
ဝေဒနာတွေ၊ စိတ်ခံစားချက်တွေ ဟူသမျှ တို့၏ အမှန်တရား ဖြစ်သော (((အတည်ယူ အဟုတ်ထင် ဆုပ်ကိုင်စရာမဟုတ် …..တွေ့ကြုံဖို့သက်သက်သာ အသုံးချရုံသက်သက် အသုံးချဖို့သာ ဖြစ်သည် ဟူသောအမှန်တရား))) ကို အဓိကထား သတိထား သတိရ မမေ့ခြင်းသည်ပင်လျှင် …….

– မှန်ကန်သော သတိ၊
– မှန်ကန်သော နှလုံးသွင်းမှု၊
– မှန်ကန်သော အားထုတ်မှု၊
– မှန်ကန်သော အမြင်သဘောထား၊ မှန်ကန်သောနားလည်မှု ဖြစ်ပေသည်။

တနည်းအားဖြင့် အတ္တ အယူ (သက္ကာယဒိဌိ) ၊ အတ္တကို ရှေ့တန်းတင်မှု ကို စွန့်လွှတ်နိုင်သည့် အတတ်ပညာဖြစ်လေသည်။

၇) ပညာအစစ်ကို တတ်ကျွမ်းသည်ရှိသော်

ထိုအတတ်ပညာကို ကောင်းမွန်စွာ မှန်ကန်စွာ တတ်ကျွမ်းအောင် လေ့ကျင့်နိုင်သွားပါက မိမိ စိတ်ခံစားချက် အကောင်းအဆိုးတို့ အပေါ် အဓိကထား ဦးစားပေးနေမှု အတည်ယူ ဆုပ်ကိုင်နေမှု ငြိတွယ်နေမှု တို့ကို မှန်ကန်စွာ စွန့်လွှတ်သွားနိုင်ပေမည်။

ထိုကဲ့သို့ မှန်ကန်သော နားလည်မှုအစစ်၊ မှန်ကန်သောသဘောထားများ ဖြစ်ပေါ်လာလျှက် ….. စိတ်ခံစားချက် ဝေဒနာများအပေါ် ဦးစားမပေး၊ အဓိကမထားပဲ စွန့်လွှတ်နိုင်သည့် စွမ်းရည်သတ္တိကြောင့်ပင် ………..အများအကျိုး၊အတွက် ဦးစားပေးနိုင်၊ အချိန်ပေးနိုင်ကာ ….မိမိ-သူတပါးမခွဲခြားပဲ – …ဘာသာ-လူမျိုးမရွေး၊ နေရာ-ဒေသအချိန်မရွေး၊ အခြေအနေမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အများအကျိုးကို ဆောင်ရွက်နိုင်သည် ဆိုသည်ကို အပြောမဟုတ် လက်တွေ့ ကျင့်သုံးသူများသာ သိနားလည်နိုင်ကြပေသည်။

Leave a Reply

Your email address will not be published. Required fields are marked *