သစ္စာတရား (သို့) ဓမ္မ၏အနှစ်သာရ

May 19, ’11 2:52 AM

သစ္စာတရား (သို့) ဓမ္မ၏အနှစ်သာရ

၁)ယုံကြည်လက်ခံ လာသည့် အစွဲများ၊ ပညတ်ချက်များ(သတ်မှတ်ချက်များ)၊

ကျွန်ုပ်တို့သည် မွေးဖွားလာရသည့် အိမ်ထောင်စု၊ လူမျိုး၊ ဘာသာ၊ မျိုးရိုး အစဉ်အလာ ပတ်ဝန်းကျင်နေရာဒေသ ဓလေ့ထုံးစံ အရ ယုံကြည်လက်ခံ လာသည့် အစွဲများ၊ ပညတ်ချက်များ(သတ်မှတ်ချက်များ)၊ ယုံကြည်ချက်များကို ကျွန်ုပ်တို့ မပြတ် ကြားနေရပါသည်။

ထိုသတ်မှတ်ချက်များ၊ အစွဲများ၊ ယုံကြည်ချက်များသည် ကျွန်ုပ်တို့နားတွင် စွဲမြဲကာ ကျွန်ုပ်တို့၏စိတ်နှလုံးတွင် အမြစ်တွယ်နေပါတော့သည်။ ဘယ်လောက်တောင် အမြစ်တွယ်နေသလဲဆိုရင် ယင်းသတ်မှတ်ချက်များ၊ အစွဲများ၊ ယုံကြည်ချက်များသည် အကျိုးအကြောင်း ညီသည်ဖြစ်စေ – မညီသည်ဖြစ်စေ စွဲလန်းနေမိပြီး။

ထို မိမိ ယုံကြည်ချက် မှလွဲ၍ အခြားသော ယုံကြည်မှုတစ်ခုခုသည်လည်း မှန်ကန်မှု ရှိနိုင်သေးသည် (သို့) နေရာဒေသ-အချိန်မရွေး၊ လူမျိုးဘာသာမရွေး ဘာသာတိုင်း-လူမျိုးတိုင်း အတွက် မှန်ကန်နေသော သစ္စာတရား၊ အမှန်တရားလည်း ရှိနိုင်သေးသည် ဟူသော အချက်ကို တွေးပင် မတွေးရဲကြပေ။

မိမိတို့ သတ်မှတ်ချက်များ၊ အစဉ်အလာများ၊ ယုံကြည်ချက် အစွဲများကို တရင်းတနှီး ဖက်တွယ်မိနေကြပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ မိမိတို့ အစဉ်အလာ သတ်မှတ်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် တခြားမည်သည့် အမြင်၊ အယူအဆကိုမှ လက်မခံနိုင်ကြတော့ပါဘူး။

ကျွန်ုပ်တို့ဟာ ဘိုးစဉ်ဘောင်ဆက် ယုံကြည်ချက်အစွဲများ နှလုံးသား ထဲတွင် အမြစ်တွယ်နေပြီး ထိုယုံကြည်ချက်အစွဲများရဲ့ လွှမ်းမိုးမှုအောက်မှာ ကျွန်ုပ်တို့ဟာ မျက်မှန်စိမ်းတပ်မိသူလို ဖြစ်ရပါတော့တယ်။ ထို မျက်မှန် စိမ်းရောင်မှတစ်ပါး အခြား မည်သည့်အရောင်ကိုမျှ မမြင်ရတော့ပေ။ ထိုအခါ ကျွန်ုပ်တို့ဟာ တရားစစ် တရားမှန်၊ သစ္စာတရား အမှန်တရားနှင့် ဝေးရာသို့ ရောက်သွားရ လေသည်။

ယုံကြည်ချက်အစွဲ မျက်မှန်စိမ်းအရောင်၏ တားဆီးမှု ကြောင့် သစ္စာတရားကို နားလည်အောင် မကြိုးစားချင်ကြတော့ပေ။ ကောက်ကျစ်သော အသိဥာဏ် တချို့၏ ဆင်ခြေပေးမှုများကြောင့် လက်ခံထားသည့် အယူဝါဒ၊ သတ်မှတ်ချက် အစွဲများကို စွဲလမ်းလွန်း အားကြီး နေကြပါသည်။

အယူဝါဒ သတ်မှတ်ချက် ယုံကြည်ချက်များကို လက်ခံရုံသက်သက်ကိုသာ ဦးစားပေးပြီး အယူဝါဒ၏ အရေးကြီးဆုံးအပိုင်း (မှန်မှန်ကန်ကန် နှလုံးသွင်းတတ်မှု)ကို ကျွန်ုပ်တို့ဟာ မေ့ထားမိကြပါသည်။ တခြားကိစ္စများသာ အရေးကြီးနေမိကြပါသည်။

၂) မိမိ စိတ်အေးချမ်းမှု စိတ်သဘောထား ဖြူစင်မှု တို့နှင့် မပတ်သက်သရွေ့

အယူဝါဒတစ်ခုသည် …..ဘာအကျိုးများ ရရှိနေပါ သလဲ။ ထိုအယူဝါဒ၊ ယုံကြည်ချက် အစွဲများသည် အကယ်၍ အမြဲ မှန်ကန်နေသည် ဆိုပါက ဘ၀တွင် အသုံးချ၍ ရရပါမည်-

မိမိ စိတ်အေးချမ်းမှု စိတ်သဘောထား ဖြူစင်မှု လောဘ၊ဒေါသ၊ကိလေသာများ ငြိမ်းအေးမှုနှင့် တိုက်ရိုက် သက်ဆိုင် နေရပါမည်။ ဘ၀အေးချမ်းမှု၊ စိတ်အေးချမ်းမှု အတွက် အသုံးချ၍ရသော တရားသာလျှင် ဓမ္မစစ် ဓမ္မမှန် ဖြစ်ပါသည်။

ထိုကဲ့သို့ မဟုတ်ပါက (စိတ်ထား ဖြူစင်မှု ၊ လောဘ၊ ဒေါသချုပ်ငြိမ်းမှုတို့နှင့် မည်သို့မျှ မပတ်သက်ပါက) ထို သတ်မှတ်ချက်၊ ယုံကြည်ချက် အစွဲများသည် အနှစ်မပါသော စိတ်ကူးယဉ်မှုများ သာ ဖြစ်ပေလိမ့်မည်။
အခွံအကာသက်သက်မျှသာ ဖြစ်ပေလိမ့်မည်။

အရေးကြီးဆုံးအချက်မှာ ကျွန်ုပ်တို့ စိတ်ထားစင်ကြယ်မှု (သို့မဟုတ်) လောဘ၊ဒေါသ၊မောဟများ ကင်းဝေးမှု နှင့် မည်သို့မျှ မပတ်သက်သော ဒီသတ်မှတ်ချက်များ၊ ယုံကြည်မှုအစွဲများကို ဆုပ်ကိုင်လျှက် ကျွန်ုပ်တို့ဘ၀ကို ဆက်လက် ရှေ့ဆက်ကြမလား၊ ဒါမှမဟုတ် စင်ကြယ်သော စိတ်ထားများ ဖြစ်ပေါ်ရေး၊ သောကကင်းဝေးသောဘ၀ ဖြစ်ပေါ်ရေး- အဓိကထား၍ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်သွားကြမည်လား ဟူသော အချက်ပင် ဖြစ်ပါသည်။

အဆောင်အယောင်၊ အပြင်အဆင်၊ ရိုးရာအ၀တ်အစားပုံစံ တစ်ခုခုကို ၀တ်ဆင်ထားသည်ဖြစ်စေ၊ မ၀တ်ဆင်ထားသည်ဖြစ်စေ၊ ဘာသာရေး ထုံးထမ်း စဉ်လာ ပြုမူဆောင်ရွက်ချက်တစ်ခုခုကို လုပ်သည်ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ မတရားသော စိတ်ထားများ၊ စိတ်နှလုံး ပူလောင်မှုများနှင့် ပြုလုပ်နေသမျှ ကျွန်ုပ်တို့ဟာ သစ္စာတရား-အမှန်တရားနှင့် ကင်းဝေးမြဲ ကင်းဝေးနေပါမည်။

တစ်စုံတစ်ခုသော အဆောင်အယောင်၊ အ၀တ်အစား၊ အဆင်အပြင် တို့သည် အစဉ်အလာ ရိုးရာ ဓလေ့ထုံးစံများအရ လုပ်ဆောင်နေရသော လက်ခံရသောအရာများ ဖြစ်ပါသည်။

သို့သော် ယင်းအဆောင်အယောင်၊ အ၀တ်အစား၊ အဆင်အပြင်တို့ဟာ ကျွန်ုပ်တို့ရဲ့ စိတ်အေးချမ်းမှု၊ စိတ်ဖြူစင်မှု၊ မျှတသောစိတ်ထားများဖြစ်ပေါ်မှုတို

့နှင့် မည်သို့မျှ မပတ်သက်ပါက အပေါ်ယံမျှ သာ ဖြစ်ပေလိမ့်မည်။ အနှစ်မပါ အကာသက်သက်သာ ဖြစ်ပေလိမ့်မည်။ ဒီအဆောင်အယောင်၊ အ၀တ်အစား၊ ဓလေ့ထုံးစံ၊ ၀တ်ပြုမှု၊ ဆုတောင်းမှုများကို လုပ်နေရုံသက်သက်မျှဖြင့် ကျွန်ုပ်တို့ဟာ မိမိကိုယ်မိမိ လုံလောက်နေပြီ၊ ပြည့်စုံ နေပြီ၊ တရားရှင်ဖြစ်ပြီဟု ထင်မြင်နေပါက အန္တရာယ် ကြီးမားလှပါသည်။

၃) (ဘာဝနာမယဥာဏ်ဖြင့် – နှလုံးသွင်းမှန်မှုဖြင့် ) သိမြင်ခြင်း မရှိသေးပါက

ဓမ္မ၏အနှစ်သာရ (သို့) သစ္စာတရားကို (ဘာဝနာမယဥာဏ်ဖြင့် – နှလုံးသွင်းမှန်မှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းဖြင့်) ထိုးထွင်း သိမြင်ခြင်း မရှိသေးပါက ကျွန်ုပ်တို့ဟာ ပြည့်စုံသူ ၊ အေးချမ်းသူ ၊ သောက ကင်းဝေးသူ၊ ငြိမ်းချမ်းပျော်ရွှင်သူ ဟူ၍ မဆိုနိုင်ပါ။ အကယ်၍ ပြည့်စုံသူ ငြိမ်းချမ်းပျော်ရွှင်သူဆိုပါကလည်း ယာယီသာ ဖြစ်ပါလိမ့်မည် ။

ဓမ္မ၏အနှစ်သာရ (သို့) သစ္စာတရားများကို (ဘာဝနာမယဥာဏ်ဖြင့် – နှလုံးသွင်းမှန်မှုဖြင့် ) သိမြင်ခြင်း မရှိသေးပါက ကျွန်ုပ်တို့ဟာ မငြိမ်းချမ်းသောသူ….မပြည့်စုံသောသူများသာ ဖြစ်ပေလိမ့်မည် ။

ထိုအခါ ဘာသာရေး-အပြင်အဆင်-အ၀တ်အစား-၀တ်ပြုမှု-ဆုတောင်းမှုများလောက်နှင့် သောင်တင်နေပြီး အကာအခွံအလုပ်များနှင့်သာ အချိန်ကုန်နေပေလိမ့်မည်။

ကျွန်ုပ်တို့ လုပ်ဆောင်နေသော ဘာသာရေး အဆောင်
အယောင်၊ အ၀တ်အစား၊ တို့သည် စိတ်နှလုံး စင်ကြယ်ခြင်း (သို့) လောဘ၊ ဒေါသတို့ ချုပ်ငြိမ်းခြင်း (သို့) အကောင်းအဆိုးတို့အပေါ် မငြိတွယ်သော စိတ်ကလေးများ ဖြစ်ပေါ်ရေးအတွက် ဦးတည်နေရမည်ဟု နားလည်ထား ရပေမည်။

၎) တွေ့ကြုံလာသမျှ အကောင်းအဆိုး တို့အပေါ်…….တွေ့ကြုံရုံသက်သက်ဖြစ်စေဖို့ တွေ့ကြုံလာသမျှ အကောင်းအဆိုးတို့အပေါ် တွေ့ကြုံရုံသက်သက်ဖြစ်စေဖို့ (တနည်းအားဖြင့်) အတည်မယူပဲ….အဟုတ်မထင်ပဲ…ငြိတွယ်မှုကင်းနေသောစိတ်ကလေးများ ဆက်ကာ…ဆက်ကာ…ဖြစ် ဖြစ် လာစေဖို့ လိုအပ်ပါသည်…။

မိမိစိတ်သန္တာန်တွင် ထိုကဲ့သို့…မဖြစ်ပေါ်သေးပါက ………ထိုစိတ်ကလေးမျိုး ၊ ထိုစိတ်ထားမျိုး ငါတို့တွင် မဖြစ်ပေါ်သေး -လိုအပ်နေသေးသည်………ဟု သိနားလည်လိုက်ဖို့လိုပါသည်။

ထိုသို့ သိနားလည်လိုက်ခြင်းမရှိပါက ၀တ်ပြုမှု၊ ဆုတောင်းမှု၊ အဆောင်အယောင် အ၀တ်အစား သတ်မှတ်ချက် အစွဲများ၌သာ လမ်းဆုံးနေပြီး သစ္စာတရားသိရှိရေး စိတ်ဝင်စားမှုမရှိတော့ပေ။

ထို့ကြောင့် ကျွန်ုပ်တို့ဟာ အဆောင်အယောင် သတ်မှတ်ချက် ဘာသာရေး အလုပ်များထက် ကျော်လွန်ပြီး ကျွန်ုပ်တို့ စိတ်အေးချမ်းမှု၊ အတွက် အလိုအပ် ဆုံးဖြစ်သော သစ္စာတရားများကို ခန္ဓာဥာဏ်ရောက် (ဘာဝနာမယဥာဏ်ဖြင့် – နှလုံးသွင်းမှန်မှုဖြင့် …..မှန်ကန်သောနားလည်မှုဖြင့်) သိရှိရေး……ဘာတွေ လိုအပ်နေသနည်း….. ဟု မိမိတို့ဘ၀ကို ပြန်လည်စိစစ်ဖို့ အရေးတကြီး လိုအပ်ပါသည်။

၅) ပြန်လည်သုံးသပ်ဖို့

ဘ၀မှာ အခက်အခဲ ပြဿနာများနှင့် တွေ့ကြုံတိုင်း …အေးချမ်းသောစိတ် – မျှတသောစိတ် နှင့် တုံ့ပြန်သလား။ ပူလောင်သောစိတ်၊ ယောက်ယက်ခတ်သောစိတ်၊ သောကစိတ်၊ မကျေနပ်စိတ် တို့ဖြင့် တုံ့ပြန်သလား…….ဆိုတာ မိမိကိုယ်ကို အခုအချိန်မှာ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါသည်။

ထိုကဲ့သို့ သုံးသပ်ခြင်းအားဖြင့် မိမိရဲ့ လက်ရှိအသိ၊ အစွဲများ၊ သတ်မှတ်ချက်များ၊ အ၀တ်အစား၊ အဆောင် အယောင်များဟာ တကယ်တော့ ဘာမှမဟုတ်သေးဘူး၊ မပြည့်စုံသေးဘူးဆိုတာ နားလည်သဘောပေါက်လာပြီး – မိမိလက်ရှိဘ၀(စိတ်များ)ကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီ ဖြစ်ကြောင်း စတင် နားလည် သဘောပေါက် သိရှိလာပေမည်။

၆) အကြိမ်တစ်ထောင်မက ဆွေးနွေးငြင်းခုန်ခဲ့ကြသော်လည်း  ကျွန်ုပ်တို့ သေခြင်းတရား သို့ စိတ်ဆင်းရဲမှုများနှင့် ပတ်သက်၍ လည်းကောင်း၊ အကြိမ်ပေါင်း တစ်ထောင်မက ဆွေးနွေးခြင်း၊ ပြောဆိုခြင်းများကို ပြုလုပ်ခဲ့ပါသည်။

ထို သေခြင်းတရား၊ စိတ်ဆင်းရဲမှု အပေါင်းမှ ကင်းလွတ်ရန် အကြိမ်ပေါင်း တစ်ထောင်မက ကျွန်တော်တို့ မျှော်လင့်နေခဲ့ဖူးကြပါတယ်။ သို့သော် လက်တွေ့တွင် ဖြစ်ပေါ်လာနေသော ….. စွဲလန်းမှု၊ ဒေါသ၊ သောက ၊ ပူလောင်မှု၊ စိတ်ဆင်းရဲမှုတို့ စိတ်နှလုံး တွင် ဖြစ်ပေါ်လာနေမှု ကို – အဟုတ်မထင်…အတည်မယူပဲ… စွန့်လွှတ်တတ်သည့်အလုပ် – ( မှန်မှန်ကန်ကန် နှလုံးသွင်းမှု – နှလုံးသွင်းမှန်မှု ) ကိုမူ အနည်းငယ်မျှပင် မကြိုးစားမိကြပေ။

စိတ်ဆင်းရဲမှုတို့ ပေါ်လာလျှင်လည်း မည်သို့ – စွန့်လွှတ်ရမည် – မည်သို့နှလုံးသွင်းရမည်-မည်သို့ လုပ်ဆောင် ဖြေရှင်းရမည်ကို သိနားလည်ခြင်းမရှိကြပေ။

၇) ကလျာဏမိတ္တ (သို့) ဆရာသမား

ဓမ္မ (သို့) သစ္စာလေးပါးတရားတို့ကို နားလည်သဘောပေါက်ဖို့ စူးစမ်း လေ့လာခြင်းတို့ နှင့် မှန်ကန်စွာလမ်းညွှန်နိုင်သော ကလျာဏမိတ္တ (သို့) ဆရာသမားသည် ပထမအဆင့် မရှိမဖြစ် လိုအပ်သော…ပထမခြေလှမ်းဖြစ်သည်။

ဓမ္မ (သို့) သစ္စာလေးပါးတရားတို့ဟာ အခါခပ်သိမ်း ရှင်းလင်းပြတ်သား နေသည်။ အရှုပ်အထွေးမရှိ။ ပဟေဠိမရှိ၊ လွန်လွန်ကဲကဲပြောခြင်းမရှိ၊ ပညာရှိ မှန်း သိအောင်ပြသော အပြမျိုးမရှိ။ အရှိကိုအရှိအတိုင်း သဘာဝကို သဘာဝ အတိုင်း ရှင်းပြခြင်းသာဖြစ်ပါတယ်။ ရှင်းသည်။ ပြတ်သားသည်။

မရှင်းလင်းဘူး ဆိုလျှင် တော့ မိမိအစွဲ မိမိသတ်မှတ်ချက်အသိများက ကာဆီးထား၍ဖြစ်ပါသည်။

ဓမ္မ (သို့) သစ္စာတရား တို့မှာ ရှင်းသည်၊ ပြတ်သည်၊ အမှန်တရားသည် မှန်းဆခြင်း၊ စိတ်ကူးယဉ်ခြင်းမရှိ။ နေရာ-ဒေသ-အချိန်ကာလ တို့ကို လွန်မြောက်ကာ………အမြဲမှန်ကန်နေလေသည်။
ဓမ္မ (သို့) သစ္စာတရား တို့သည် အစ၊ အလယ်၊ အဆုံး မည်သည့် အခြေ အနေ၌ မဆို ကောင်းကျိုးပြုသည့်အရာ ဖြစ်သည်။

အမှန်တရား သစ္စာတရား ကို မမေ့မှု ..သတိရမှု ..နှလုံးသွင်းမှန်မှုဖြင့်..ငြိတွယ်စွဲလန်းမှုမပါသော……
လုပ်ရုံသက်သက်ပြုလုပ်ရမည့်…
ဒါန ၊ သီလ၊ ဘာဝနာဟူသည်….
ဓမ္မအလုပ်များသည် လူသားအားလုံးပိုင် ဖြစ်ပါတယ်။
(ငါ့ဒါန၊ ငါ့သီလ၊ ငါ့ဘာဝနာ ဟူ၍ အဟုတ်ထင် …အတည်ယူမှု မပါပဲ ….လုပ်ရုံသက်သက် လုပ်တတ်ခြင်း သည် သာ…တရားအလုပ်အစစ်…..ဓမ္မအလုပ်အစစ်ဖြစ်လေသည်)

တရားအလုပ်အစစ်…..ဓမ္မအလုပ်အစစ်သည် ……လူမျိုး တစ်မျိုးမျိုး၊ ဘာသာတစ်ခုခု၊ အဖွဲ့အစည်းတစ်ခုခု၊ နိုင်ငံတစ်နိုင်ငံနှင့်သာ သက်ဆိုင် သည် မဟုတ်။ အားလုံးနှင့် သက်ဆိုင်ပါသည်။

၈) ဓမ္မအလုပ်အစစ်…..တရားအလုပ်အစစ် ဟူ သည်

မှန်ကန်သောနှလုံးသွင်းမှု….(သို့) မှန်ကန်သောနှလုံးသွင်းမှုကို လမ်းညွှန်ပြနိုင်သော ကလျာဏမိတ္တ (သို့) ဘုရား-တရား၊ သံဃာ တို့၏ အကူအညီမပါပဲ….မိမိ နှလုံးသားတွင်း မည်သို့မျှ သိရှိနားလည်နိုင်မည်မဟုတ်ပါ။

မှန်မှန်ကန်ကန်နားလည်မှု၊ မှန်ကန်သော နှလုံးသွင်းမှုကို ကလျာဏမိတ္တ (သို့) ဘုရား-တရား၊ သံဃာ တို့၏ အကူအညီ…ဖြင့်…လက်တွေ့ လုပ်ဆောင် ကြည့်မှသာ မိမိ၏စိတ်နှလုံးတွင်း မိမိကိုယ်တိုင်ပြုလုပ်ခဲ့သော အစွဲများ၊ ချည်နှောင်မှု များ၊ အထုံးအဖွဲ့များမှ မည်သို့လွတ်ကင်းကာ မည်သို့ငြိမ်းအေးရသည်ကို နားလည် နိုင်ပါမည်။

၉) သစ္စာတရားကို မမေ့မှု၊ …သတိရမှု

သစ္စာတရားကို မမေ့မှု၊ သတိရမှု၊ နှလုံးသွင်းမှန်မှု ….ဟူသော…ဓမ္မအလုပ်အစစ်…..တရားအလုပ်အစစ်သည်
.နားလည်မှ လုပ်ဆောင်မည် မဟုတ်ပဲ…..လုပ်ဆောင်ကြည့်မှသာ မှန်မှန်ကန်ကန် နားလည်လာနိုင်မည့်အလုပ်ဖြစ်လေသည်။

သစ္စာတရားကို မမေ့မှု၊ …သတိရမှု ….နှလုံးသွင်းမှန်မှု….ဟူသော…ဓမ္မအလုပ်အစစ်(တရားအလုပ်အစစ်)သည် –
၁) မိမိ ပြုလုပ်သမျှ….အကြောင်းတရား (ဒါန၊ သီလ၊ ဘာဝနာ) တို့ကို ငါ-ငါ့ဟာအဖြစ် အဟုတ်ထင်-ငြိတွယ်မှု မပါပဲ ….ပြုလုပ်ရုံသက်သက် ဖြစ် လာ စေ ပါ မည်….

၂) မိမိ တွေ့ကြုံရသမျှ…..အကျိုးတရား (ကောင်းကျိုး၊ မကောင်းကျိုး) တို့ကို လည်း ငါ ကောင်းတာ ဖြစ်တယ်…ငါ အဆိုးနဲ့ ကြုံရတယ် ဟူ သော ထင်မြင်မှု- အတည်ယူမှု မဖြစ်ပေါ်ပဲ…..တွေ့ကြုံရုံသက်သက် ဖြစ် လာ စေ ပါ သည်….

ထိုကဲ့သို့ သော အသိဥာဏ် ကို ….နှလုံးသွင်းမှန်မှု (သို့) မှန်မှန်ကန်ကန် နားလည်မှု…(သို့) ၀ိပဿနာဥာဏ် (သို့) ပဋိပဒါဥာဏဒဿန၀ိသုဒ္ဓိ စသည် ဖြင့် မိမိနှစ်သက်ရာ….အမည်ပေးနိုင်ပါသော်လည်း တကယ့် နှလုံးသွင်းမှန်မှု အစစ် (မှန်ကန်သောနားလည်မှုအစစ်) သည် တစ်ခုခုဖြစ်၊ တစ်ယောက်ယောက်ဖြစ်၊ ဘာဖြစ်၊ ညာဖြစ်၊ ဘာမှမဖြစ် ဟူသော အခြေအနေတိုင်းအပေါ် …တဖြည်းဖြည်း နှင့် အတည်ယူမှု …အဟုတ်ထင်မှု….ငြိတွယ်မှု ကင်းကင်းလာပေသည်။

နှလုံးသွင်းမှန်မှု (သို့) မှန်မှန်ကန်ကန် နားလည်မှု…ဟူသည့် တရားအလုပ်အစစ်….မပါဝင်ဘဲ –
ဟိုလိုလုပ်မှ မှန်သည်….
ဒီလိုလုပ်မှမှန်သည် ….
ဟိုနေရာစူးစိုက်မှ…
ဒီနေရာစူးစိုက်မှ….
ဘာမှမှန်သည်…
.ညာမှမှန်သည်ဟု .
ဆုပ်ကိုင်လျှက်….
တစ်ခုခု၊ တစ်ယောက်ယောက် ကို
အဟုတ်ထင် အတည်ယူမှု (ပုဂ္ဂိုလ်၊ သတ္တ၀ါ ဟူသော အယူကို) မစွန့်လွှတ်နိုင်သေးဘဲ…..
ကျွန်ုပ်တို့ဟာ မိမိကိုယ်ကို စိတ်ထား ကောင်းသူ၊ တရားသိသောသူ၊ ငြိမ်းအေးသောသူ ဖြစ်ချင်နေခြင်းသည် မိမိကိုယ်ကို လှည့်စားခြင်းသာဖြစ်ပါသည် –
ကိလေသာတို့၏ ကောက်ကျစ်မှုကို ခံရခြင်း သာဖြစ်ပါသည်။

မိမိ နှင့် သူတပါးအကျိုးရရှိရန် ဓမ္မစစ်၊ ဓမ္မမှန် အလုပ်များကို လက်တွေ့ ကျင့်သုံးကာ သိနားလည်ဖို့ လိုပါတယ်။ အစစ်အမှန်၊ အနှစ်သာရ ကို တန်ဖိုးထား တတ်အောင် သေချာစွာ ခွဲခြားနားလည်နိုင်ရပေမည်။

၁၀) တရားဓမ္မအလုပ်အစစ်ကို နားလည်မှု နှင့် နားမလည်မှု

နှလုံးသွင်းမှန်မှု (သို့) မှန်မှန်ကန်ကန် နားလည်နေမှု…ဟူသည့် တရားအလုပ်အစစ်….ကို မှန်ကန်စွာ-မသိရှိသေးပါက ကျွန်ုပ်တို့ဟာ ဒေါသဖြစ်မှု၊ ရန်ငြိုးထားမှု၊ စိတ်နှလုံးမသာယာမှု၊ ခေါင်းမာမှု၊ ဘက်လိုက်မှု၊ ကျဉ်းမြောင်းမှု၊ အယူသီးမှု၊ ထိတ်လန့်မှု တို့နှင့် သာ အပြည့်ရှိနေပြီး ဘ၀ဟာ အဓိပ္ပါယ် မရှိ ဖြစ်ပါလိမ့်မယ်၊ ပူလောင်စရာ၊ စိတ်ရှုပ်စရာများနှင့်သာ ဖုံးလွှမ်းနေပါလိမ့်မယ်။

နှလုံးသွင်းမှန်မှု (သို့) မှန်မှန်ကန်ကန် နားလည်မှု…ဟူသည့် တရားအလုပ်အစစ်…ကို နားလည်သဘောပေါက်သွားပါက…ပွါးများကျင့်သုံးတတ်သွားပါက…ကျွန်ုပ်တို့ဟာ မေတ္တာထားမှု၊ ကြင်နာသနားမှု၊ ဓမ္မစစ် အပေါ်ယုံကြည်မှုများ တိုးပွားလာပြီး ဘ၀ သည် အရှိန်အ၀ါကြီးမားကာ၊ ထိန်လန့် စိုးရိမ်မှုတို့ကင်းရှင်းကာ ရိုးသားမှု၊ ပြတ်သားမှု၊ စင်ကြယ်သန့်ရှင်းမှုများ နှင့် ပြည့်စုံလာပေလိမ့်မည်။ ပျော်ရွှင်ငြိမ်းချမ်းမှုတို့ တောင့်တစရာမလိုဘဲ အလိုလို ရရှိလာပေလိမ့်မည်။

တရားဓမ္မအစစ်သည် လက်ငင်းပင် အကျိုးကျေးဇူး ဖြစ်စေပါသည်။ လက်ငင်း ဖြစ်လာသော အကျိုးကျေးဇူးသာလျှင် ဓမ္မစစ်၊ ဓမ္မမှန် ဟုတ်မဟုတ် အတွက် မိမိကိုယ်တိုင် သိရှိနိုင်သော သူတပါးကိုမေးစရာမလိုသော မှတ်ကျောက် အစစ် ဖြစ်လေသည်။

Leave a Reply

Your email address will not be published. Required fields are marked *