ကျွန်ုပ်တို့ တကယ်ချစ်နေတာ ဘာလဲ (အပိုင်း -၁)

Aug 8, ’11 5:15 AM

ကျွန်ုပ်တို့ တကယ်ချစ်နေတာ ဘာလဲ (အပိုင်း -၁)    

၁) ဘာကြောင့် အကုသိုလ် ပြုမိတာလဲ

ရာထူး၊ အာဏာ၊ ငွေ ကို တန်ဖိုးထားစွဲလန်းနေသူများ၊ လောင်းကစား၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး များအပေါ် စွဲလန်းကာ ထိုအရာများ မသုံးရ၊ မစွဲရ လျှင် မနေနိုင်ေ အာင် ဖြစ်နေကြသူများ၊ မိမိ စွဲလန်းနေသော ထိုအရာများ ဆုံးရှုံးရမှာ မသုံးစွဲရမှာ စိုးရိမ်၍ ကြီးစွာသော သောကဖြင့် မလုပ်သင့် မလုပ်ထိုက် သော အကုသိုလ်များကို ပြုလုပ်ကြသူများ ကျွန်ုပ်တို့တွေ့ဖူးကြပါတယ်။

တကယ်တော့ ထိုသူများဟာ ရာထူး၊ အာဏာ၊ ငွေ၊ မူးယစ်ဆေးဝါး တို့ကို အမှန်တကယ်ချစ်မြတ်နိုးခြင်းမဟုတ်ပါ။ မိမိရဲ့ ခံစားချက်ဝေဒနာ Feeling / sensations များကို ချစ်မြတ်နိုးခြင်းသာ အမှန်ဖြစ်ပါသည်။ မိမိ၏အာရုံခံစားမှုများ၊ သာယာသည်ဟုထင်သော ခံစားစရာများ (သုခဝေဒနာ) များကို ဒီရာထူး၊ အာဏာ၊ ငွေတို့က လိုအပ်လျှင် လိုအပ်သလို ဖြည့်ဆည်းပေးနိုင် မည်ဟု ယုံကြည် နေသဖြင့် ထို ရာထူး၊ ငွေ တို့ကို လိုချင်မက်မောနေကြခြင်းဖြစ်ပါတယ်။ ငွေရှိမှ စားချင်တာ စား၊ ကြည့်ချင်တာကြည့်၊ ၀တ်ချင်တာဝတ်၊ လှူချင်တာလှူ လို့ရတယ်ထင်ပြီး၊ အာဏာ၊ ရာထူးရှိမှ သူတပါးအထင်ကြီးခံရ၊ လိုချင်သောအခွင့်အရေး များရ၊ လုပ်ချင်သော အရာများလုပ်လို့ရသည်ဟု ထင်ပြီး လိုချင် မက်မောကြခြင်း ဖြစ်ပါတယ်။

၂) စိတ်ခံစားမှု (ဝေဒနာ feeling/sensation/ emotion) တွေ ကို အဓိကထားနေလို့သာ

ဒါတွေက ဘာကို ဖော်ပြသလဲ ဆိုရင် မိမိအာရုံခံစားမှုများ (သို့) မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့တွင်ပေါ်မည့် စိတ်ခံစားချက်ဝေဒနာများ ၊ အာရုံ ခံစားမှုများအတွက် ရာထူး၊ အာဏာ၊ ငွေ ကို ချစ်နေရခြင်း ဖြစ်ပါတယ်။

စားချင်တာစားနိုင်ဖို့ဆိုတာ လျှာတွင်ပေါ်မည့် ခံစားချက်အတွက်ပါ။ တီဗွီ အကောင်းစား၊ ကက်ဆက်အကောင်းစားများ ၀ယ်လို၊ ကြည့်လို၊ နားထောင်လို ခြင်းမှာ မျက်စိ၊ နား တို့ဖြင့် ခံစားနိုင်မည့် အာရုံခံစားမှုများအတွက်ဖြစ်ပါတယ်။ ဇိမ်ခံကား ကောင်းကောင်းစီးလိုခြင်းမှာ ကိုယ်ကာယဖြင့် ညက်ညောသော အတွေ့ အထိခံစားမှုများ နှင့် သူတပါး၏အထင်ကြီးခံရဖို့ ဆိုသည့် စိတ်အာရုံခံစားမှုများ အတွက်ဖြစ်ပါတယ်။

ချစ်သူမျက်နှာ တစိမ့်စိမ့်ကြည့်လိုခြင်းမှာ ချစ်သူကို ချစ်မြတ်နိုး သည်ဆိုသော်လည်း အမှန်တကယ်က ချစ်သူမျက်နှာမြင်နေရချိန်မှာ ပျော်ရွှင်ကျေနပ်နေမိတဲ့ မိမိရဲ့စိတ်၊ ချစ်သူနှင့် အတူနေရချိန် ကြည်နူး သာယာမိနေတဲ့ မိမိရဲ့ခံစားချက် ကိုသာ ချစ်နေတာပါ။ ထိုကြည်နူး သာယာမိနေသော မိမိရဲ့ခံစားချက် ထပ်တလဲလဲ ဖြစ်ပေါ်နေရေး အတွက် ချစ်သူကို တစိမ့်စိမ့် ကြည့်နေလိုခြင်း ဖြစ်ပါတယ်။ ချစ်သူ နှင့် တွေ့ရချိန် ကြည်နူးသာယာသောခံစားချက် မရပါက ချစ်သူကို တစိမ့်စိမ့် ကြည့်လိုမည် မဟုတ်ပါ။ ချစ်သူနှင့်တွေ့နေရချိန် သာယာ ကြည်နူး မိနေသော မိမိရဲ့စိတ်၊ မိမိရဲ့ ခံစားချက်များကိုသာ တွယ်တာ နေခြင်း ချစ်နေခြင်းဖြစ်ပါသည်။

မိမိခံစားချက်ဝေဒနာ၊ မိမိ-အာရုံခံစားမှု အတွက်သာ ပြင်ပ အာရုံများကို ချစ်မြတ်နိုးခြင်း ဖြစ်ပါတယ်။ အကောင်းအဆိုး ခံစားချက် ဝေဒနာများ အတွက်သာ ရာထူး၊ အာဏာ၊ ငွေ၊ တီဗွီ၊ ကား ၊ ချစ်သူ စသည်တို့ကို နှစ်သက်မြတ်နိုး နေခြင်းဖြစ်ပါတယ်။

ဒါတကယ်ဟုတ်မဟုတ် မိမိနာမကျန်းဖြစ်သောအခါ (သို့မဟုတ်) အကြောင်း တစုံတရာကြောင့် အာရုံခံအင်္ဂါတစ်ခုခု ချွတ်ယွင်းသွားသောအခါ ထို ရာထူး၊ ငွေ၊ တီဗွီ ကား တို့ဟာ အလကား ဖြစ်သွားရပါတယ်။ အမြင်အာရုံ-မခံစားနိုင်သူအတွက် တီဗွီ၊ ရုပ်ရှင်၊ ပြဇာတ်၊ ကပွဲတို့ ဟာ နှစ်သက်စရာ မဟုတ် တော့ပါဘူး။ မိမိ အိပ်ရာပေါ်လဲချိန် ခံစားစရာအာရုံတို့အပေါ် မခံစားနိုင်ချိန် ထို-ရာထူး၊ အာဏာ၊ ငွေ၊ ဇိမ်ခံပစ္စည်းတို့ ဟာ မြတ်နိုးစရာမဟုတ်တော့ပါ။

၃) တိရစ္ဆာန်လေးတွေကို ချစ်တာလား မိမိ အမြင်အာရုံခံစားမှု perception ကိုချစ်တာလား

ကျွန်ုပ်တို့ အိမ်မွေးတိရစ္ဆာန်လေး၊ ကြက်တူရွေး၊ ရွှေငါးစသည်များကို တယုတယ ချစ်မြတ်နိုးစွာ မွေးမြူကြသူ များကို တွေ့ဖူးကြပါတယ်။ တကယ်တော့ သူတို့ဟာ ထို တိရစ္ဆာန်လေးများကို ချစ်မြတ်နိုးခြင်းမဟုတ်ပါ။ မိမိ ခံစားချက်များ (feeling/perception) ကို မိမိမြတ်နိုးနေခြင်းသာ ဖြစ်ပါတယ်။

ထို ကြက်တူရွေး၊ ငါးကလေး တို့ကို ကြည့်နေ-မြင်နေရချိန် ပျော်ရွှင်နေသည့် မိမိစိတ်ခံစားချက်များကိုသာ နှစ်သက် မြတ်နိုးမိနေ ကြခြင်း ဖြစ်ပါသည်။ ကြက်တူရွေးလေးရဲ့ လှပသောအရောင်အသွေး၊ ရွှေငါးကလေး တို့ ရေထဲကူးခတ်နေပုံ တို့ကို ကြည့်နေရ မြင်နေရသည်ကို ကျွန်ုပ်တို့ နှစ်သက်နေ သည်။

အမှန်က ထို တိရစ္ဆာန်လေးများကို ကြည့်နေရ မြင်နေရချိန်-ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်များကိုသာ ကျွန်ုပ်တို့ ချစ်မြတ်နိုးနေခြင်း ဖြစ်ပါတယ်။ တိရစ္ဆာန်လေး များကို ကျွန်ုပ်တို့ တကယ် မချစ်ပါ။

တကယ်ချစ်လျှင် လှောင်အိမ်၊ မှန်အိမ် အတွင်းမှာ တိရစ္ဆာန်လေးများကို ပိတ်လှောင်မထားဘဲ သူတို့ရဲ့သဘာဝနေရာ၊ သူတို့၏အဖော်များ ရှိရာ သို့ သွားရောက်ခွင့် လွတ်လပ်ခွင့် ရှင်သန်ခွင့်ပေးပေလိမ့်မည်။

ထို့အတူ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးစွဲ ကြသူများမှာ လည်း ထို အရာများ ကို မြတ်နိုးခြင်းမဟုတ်ပဲ ထိုအရာများ သုံးစွဲရသောအခါ ဖြစ်ပေါ်လာသည့် ယစ်မူးသောအရသာ ခံစားချက်များကိုသာ ((မိမိ ခံစားရသည်-ငါ ခံစားရသည် (သို့) ခံစားချက်ဝေဒနာများကို တစ်ခုတည်း တစ်ဆက်တည်းအဖြစ် အရှိအဟုတ်ထင်ကာ အတည်ယူလျှက်)) မြတ်နိုးမိခြင်း ဖြစ်ပါသည်။

တစ်လောကလုံး
မိမိ စိတ်ခံစားချက် (ဝေဒနာများ) အတွက်
လှုပ်ရှား ယှဉ်ပြိုင်နေကြပါတယ်။

ရာထူး၊ အာဏာ၊ ငွေ အတွက် တကယ်တော့ မဟုတ်ပါ။ ဘယ်လောက်တန် တီဗွီ၊ ဘယ်လောက်တန်ကား၊ ဘယ်လောက်တန်အိမ်၊ ဘယ် လောက်တန်အစားအစာ စသည်ဖြင့် တစ်ချိန်နှင့် တစ်ချိန်မတူအောင် ဆန်းသစ်နေသော ခေတ်မီနေတယ် ဆိုသော ဇိမ်ခံပစ္စည်း အမျိုးမျိုးကို ဈေးကွက်မှာ တွေ့ရှိ ထုတ်လုပ် ယှဉ်ပြိုင် ၀ယ်ယူ ရောင်းချ နေကြတာဟာ ဒီခံစားမှုဝေဒနာတွေ feeling/perception/sensations အတွက်ပါ။ အာရုံခံစားမှု တွေအတွက်ပါ။ တလောကလုံး ယောက် ယက်ခတ်နေတာ ဒီခံစားမှုဝေဒနာ အတွက်ပါ။

၎) မဆုံးနိုင် မမောနိုင်အောင် ဆုတောင်းနေရတာက

ဘ၀မှာ လောဘ ၊ ဒေါသ၊ သောက၊ မနာလိုမှု၊ ၀န်တိုမှု၊ စိတ်ဆင်းရဲမှု၊ ဂုဏ်တုဂုဏ်ပြိုင်မှု၊ မာနကြီးမှု၊ အားငယ်မှု၊ သိမ်ငယ်မှု၊ ပြေးလွှား နေရမှု၊ ဘုရားစုံလိုက်ပြီး မမောနိုင်-မဆုံးနိုင် ဆုတောင်းနေရမှု၊ နားချိန်မရ အရေးကြီးပြီးရင်း ကြီးနေကြတာဟာ ဒီခံစားမှုဝေဒနာ feeling တွေအတွက် ပါ။ သာယာသောအာရုံခံစားမှုများ ပြည့်ပြည့်စုံစုံ ခံစားနိုင် ရေး၊ မကောင်းသော-ဆိုးသော ခံစားချက်များ ပေါ်ပေါက် မလာရေးအတွက်ပါ။

ဒီခံစားချက် ဝေဒနာများ တို့အပေါ် ကျွန်ုပ်တို့ တန်ဖိုး ထားလွန်း နေသည်။ ခံစားချက်ဝေဒနာများအပေါ် ငါ့ခံစား ချက်၊ ငါ့ဝေဒနာ၊ ငါ့ဖီလင် ထင်ပြီး (သို့) စိတ်ခံစားချက်-ဝေဒနာ-ဖီလင် များအပေါ် တစ်ခုတည်း တစ်ဆက်တည်းအဖြစ် အရှိအဟုတ်ထင်ကာ အတည်ယူဆုပ်ကိုင် – အဓိကထားနေမှုကြောင့် (ဝေဒနာ ပစ္စယာ တဏှာ ဖြစ်ပြီး) ကျွန်ုပ်တို့ လောဘ-ဒေါသ (တဏှာ) တို့ ဆက်လက် ဖြစ်ပေါ် လာကာ အာရုံ အမျိုးမျိုးအပေါ် စွဲလန်းမိပြီး မဆုံးနိုင်အောင် ခံစားပြီးရင်း ခံစားချင်နေကြပါတယ်။

တကယ်တော့ ဒီဝေဒနာ-ခံစားမှု တို့ဟာ ဖြစ်လိုက်ပျက်လိုက် နှင့် တရစပ် ဖြစ်ပြီးပျက်၊ ခံစားလိုက်၊ ကုန်ဆုံးလိုက်နှင့် မပိုင်ဆိုင်သော သဘော၊ ထိန်းချုပ် မထားနိုင်သောသဘော၊ အဖတ်မတင်သောသဘော၊ ဘာမှသိမ်းထားလို့မရသော၊ ဆုပ်ကိုင်လို့မရသော၊ အတည်ယူ၍မရသော သဘော – သက်သက်သာ ဖြစ်လေသည်

ကျွန်ုပ်တို့ အရူးအမူး တန်ဖိုးထားနေသော စိတ်ခံစားချက်-ဝေဒနာများမှာ တကယ်တော့-ငါ့ဝေဒနာ၊ ငါ့ခံစားချက်အဖြစ် ဆုပ်ကိုင်ထား၍မရသော၊ အတည်ယူထား၍မရသောအမှန်တရား (သို့) တရစပ်ချုပ်ငြိမ်းကုန်ဆုံးနေသော – တရစပ်အသစ်အသစ် ပြောင်းလဲ အစားထိုးနေသော သဘာဝတရားသက်သက်သာ ဖြစ်လေသည်။

ဒါပေမယ့် ကျွန်ုပ်တို့ဟာ ထိုသို့မသိဘဲ ခံစားချက်များအပေါ် ငါ့ဝေဒနာ၊ ငါ့ခံစားချက် အဖြစ် အထင်မှားမှုကြောင့် (သို့) ဝေဒနာ-ခံစားချက်-ဖီလင်များသည် အချိန်တစ်ခုကြာ တစ်ခုတည်း တစ်ဆက်တည်းအဖြစ် တကယ်ရှိနေ ဖြစ်နေသည် ဟု ထင်မှတ်ကာ အတည်ယူဆုပ်ကိုင် – အဓိကထားနေမှုကြောင့် ကျွန်ုပ်တို့ မဆုံးနိုင်အောင် အ၀ိုင်းပြေး-ပြေးကာ၊ တစ်ချိန်လုံး-ယောက်ယက်ခတ်-တစ်ချိန်လုံး အရေးကြီးနေကြရပါတယ်။

၅) မိမိကိုယ် (စိတ်ခံစားချက်) ကိုသာ အချစ်ဆုံး

ရာထူး၊ အာဏာ၊ ငွေ၊ အကြင်နာ၊ မေတ္တာ၊ စေတနာ၊ ချစ်ခြင်းတရား၊ ဂုဏ်သက္ခာ၊ ဘ၀ စသည်ဖြင့် လည်းကောင်း၊ သားသမီး၊ ချစ်သူ၊ ဇနီး၊ ခင်ပွန်း၊ သူငယ်ချင်း၊ ဆရာ၊ တပည့်၊ အိမ်မွေးတိရစ္ဆာန် စသည်တို့ကို လည်းကောင်း၊ ကျွန်ုပ်တို့ ချစ်မြတ်နိုးသည်-တန်ဖိုးထားသည် ဆိုသော်လည်း အမှန်တကယ် တန်ဖိုးထားလွန်း ချစ်လွန်းနေသည် မှာ (မိမိ) စိတ်ခံစားချက် ဝေဒနာ များသာ ဖြစ်ပါသည်။ ဒါကြောင့် ဗုဒ္ဓကလည်း မိမိကိုယ်ကိုသာ မိမိအချစ်ဆုံး၊ (မိမိ စိတ်ခံစားချက်ကိုသာ အချစ်ဆုံး) ဖြစ်ကြတယ်လို့ ဆိုထားပါသည်။

၆) အဟုတ်ထင် အတည်ယူ ဆုပ်ကိုင်မှု ကြောင့်သာ

ခံစားချက်ဝေဒနာများအပေါ် ငြိတွယ်လွန်းနေခြင်း၊ တန်ဖိုးထားမြတ်နိုးနေလွန်းခြင်း၊ အဓိကထားလွန်းနေခြင်း၊ (သို့) မိမိကိုယ် ကိုသာ အဓိကဦးစားအပေးဆုံးဖြစ်နေရခြင်းမှာ စိတ်ခံစားချက်များအပေါ် ငါ့ခံစားချက်၊ ငါ့ဝေဒနာ အဖြစ် အချိန်တစ်ခုကြာ တစ်ခုတည်း တစ်ဆက်တည်းအဖြစ် တကယ်ဖြစ်နေ ရှိနေသည်ဟု ထင်မှတ်လျှက် အတည်ယူဆုပ်ကိုင်မှုကြောင့် သာ ဖြစ် ရ ခြင်း ဖြစ်လေသည်။

အတည်ယူ ဆုပ်ကိုင်မှုကြောင့် အဟုတ်ထင် ငြိတွယ်လာကာ
ဒီအချိန်မှာလည်း ဒီခံစား ချက်-နောက်အချိန်မှာလည်း ဒီခံစားချက်ပဲလို့ အထင်မှားပါသည်။

ဒီစက္ကန့်မှာလည်း ဒီဝေဒနာ-နောက်စက္ကန့်မှာလည်း ဒီဝေဒနာပဲ၊ လို့ အထင်မှားပြီး၊ ခံစားချက်များကို တောက်လျှောက် တဆက်တည်း ရှိနေတယ် ထင်မှတ်ကာ၊ ငါ့ခံစားချက်-ငါ့ဖီလင်-ငါ့ဝေဒနာ-ငါ့စိတ်ထား အဖြစ် မှားယွင်း-သတ်မှတ်မိကာ စိတ်ခံစားချက်များကို အတည်ယူ ဆုပ်ကိုင်ကာ အဓိကထားလွန်း ဦးစားပေးလွန်းရာမှ မိမိကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေသော ကာယကံမှု – ၀စီကံမှု များကို ပြုလုပ်မိကြလေသည်။

Leave a Reply

Your email address will not be published. Required fields are marked *