လက်ရွေးစင်အနတ္တတရားများ (ပီဒီအက်ဖ်)

ရာတော်ဦးဥတ္တမသာရဟောကြားသော ၂၀၁၂-၂၀၁၃ ခု အနတ္တတရားများထဲမှ လက်ရွေးစင်တရား (၆)ပုဒ်အား ပီဒီအက်ဖ် ဖိုင်အနေဖြင့် အောက်ပါလင့်တွင် ဒေါင်းလုပ်ဆွဲယူ ဖတ်ရှုနိုင်ပါပြီ။

Download Here

မွန်မြတ်သောဒါန ဆိုတာ

Jul 20, ’12 5:59 AM

မွန်မြတ်သောဒါန ဆိုတာ –

ပြီးခဲ့တဲ့ တနင်္ဂနွေက သံလျင်မြို့နယ်မှာရှိတဲ့ သဘာဝတရားရိပ်သာကို ရောက်ဖြစ်တယ်။ The Voice Weekly ၏ ပင်တိုင်ဆောင်းပါးရှင်အောင်ထွဋ်အဖြစ် လူသိများခဲ့သော ကွယ်လွန်သူ ဒေါက်တာနေဝင်းမောင် အသက်(၅၀)ပြည့် မွေးနေ့အထိမ်းအမှတ် အနေနဲ့ တရားအားထုတ်နေတဲ့ ဘိုးဘွားတွေကို သွားလှူဖြစ်တာပါ။ အဲဒီနေ့မတိုင်ခင်ကတည်းက ဆရာ့ မွေးနေ့၊ မွေးရက်နဲ့ တိုက်ဆိုင်တဲ့အတွက် ဘယ်နေရာကို လှူကြမလဲဆိုပြီး ဆွေးနွေးဖြစ်တယ်။ ကျနော်တို့သဘောကတော့ ဘာသာရေးသက်သက် ဘုရားတည်၊ ကျောင်း၊ သိမ်ဆောက်၊ ရွှေချတာမျိုးထက် တကယ်လိုအပ်နေတဲ့ နေရာ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ တစ်နည်းအားဖြင့် လူမှုရေးနယ်ပယ်မှာ လှူဖို့ နကိုကတည်းက ဆုံးဖြတ်ထားကြပြီးသား။

ရခိုင်ဒုက္ခသည်တွေကိုလှူမလား၊ ကချင်စစ်ဘေးသင့် ပြည်သူတွေကို လှူမလား၊ မိဘမဲ့ ကလေးတွေကို ကူညီမလား၊ စိတ်ရောဂါကုဆေးရုံကို ထောက်ပံ့မလား၊ မျက်မမြင်ကျောင်းကို ကူညီမလား စသဖြင့် ဆွေးနွေးကြတယ်။ နောက်ဆုံးတော့ ပြီးခဲ့တဲ့အပတ်က သည်ဗွိုက်စ်(The Voice Journal) မှာ ဖော်ပြခဲ့တဲ့ သဘာဝတရားရိပ်သာကို သွားလှူကြဖို့ အားလုံး သဘောတူကြတယ်။

ဒီနေရာမှာ စကားစပ်လို့ တစ်ပြောချင်တာက ကျနော်တို့ တိုက်မှာ ဘာပဲလုပ်လုပ် အများသဘောဆန္ဒနဲ့ ဒီမိုကရေစီနည်းကျကျဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။ အများရွေးချယ်တာကို လုပ်တယ်။ ကျနော်တို့မြန်မာတွေအားလုံးက ဒီမိုကရေစီကို လိုချင်ရချင်နေကြတဲ့သူတွေချည်း ဆိုပေမယ့် ကိုယ့်အိမ်မှာ၊ ကိုယ့်အဖွဲ့အစည်းမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာနဲ့ ကိုယ်တိုင် ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးဖို့ကျတော့ ဝန်လေးကြတယ်။ အာဏာရှင်စနစ်အောက်မှာ နှစ်အကြာကြီးနေခဲ့တော့ ကိုယ်တိုင်လည်း တစ်နေနေရာမှာ အာဏာပြချင်စိတ်၊ အမိန့်နဲ့ အုပ်ချုပ်ချင်စိတ်က မသိစိတ်မှာကော သိစိတ်မှာရောရှိနေတယ်။ အဲတော့ ပါးစပ်က ဘယ်လောက်ပြောပြော၊ စာနဲ့ ဘယ်လောက်ရေးရေး လက်တွေ့မပါဘူး။ အဲတော့ ဒီမိုကရေစီရဲ့သဘောကို လက်တွေ့အားဖြင့် တွေ့ထိခံစားနိုင်တာမျိုး အားနည်းတယ်လို့ ပြောရမယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးခုကို နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးကိုယ်စား ဒီမိုကရေစီနဲ့အညီ ဝေဖန်ထောက်ပြအကြံပြုဖို့ တာဝန်ရှိတဲ့ မီဒီယာတွေဖြစ်နေတဲ့အတွက် သူများကို ပြောဖို့ ကိုယ်တိုင် အရင်လက်တွေ့ကျင့်သုံးဖို့ လိုတယ်မဟုတ်လား။

ရီ(ရယ်)စရာတော့ကောင်းတယ်။ ဒီမိုကရေစီနည်းကျကျ ကျင့်သုံးပြန်တော့ တခါတလေ အဖြေမထွက်ဘူး။ တစ်ယောက်တစ်ပေါက်ဖြစ်ပြီး လိုရင်းမရောက်ဘူး။ အဲဒါနဲ့ တစ်ယောက်ယောက်က ဝင်ဆုံးဖြတ်လိုက်ရတဲ့အခါမျိုးလဲရှိတယ်။ ဒါကလည်း တခါတလေပါ။ အဲလိုဆုံးဖြတ်လိုက်ပေမဲ့လည်း အများစုကတော့ သဘောတူကြတယ်။ သဘောမတူတဲ့သူကတော့ သွားတဲ့နေရာ လိုက်စရာမလိုဘူးပေါ့။ အများအားဖြင့်တော့ အများဆန္ဒနဲ့ ဆုံးဖြတ်ကြတာများတယ်။ အားလုံးကို လွတ်လွတ်လပ်လပ် ကိုယ်ကြိုက်တာကို အကြံပေးဖို့ ခွင့်ပြုထားတယ်။ ကျနော့်ရုံးအကြောင်း ရှင်းပြရတာ အကြောင်းရှိတယ်။ ကျနော်တို့ တနင်္ဂနွေနေ့က သွားခဲ့တဲ့ သဘာဝတရားရိပ်သာနဲ့ ဆက်စပ်နေလို့ ပေရှည်ပြီး ရှင်းပြနေတာပါ။

နှစ်ငါးဆယ်လောက် အာဏာရှင်စနစ်အောက်မှာ မလူးသာမလွန့်သာ နေခဲ့ရတဲ့ ကျနော်တို့အနေနဲ့ ဒီမိုကရေစီတို့ လွတ်လပ်ခွင့်တို့ ဆိုတာတွေကို လက်တွေ့မမြည်းစမ်းရခင် စကားလုံးအနေနဲ့ကြားရတာကိုက အရသာ အင်မတန်ရှိတယ်။ တကယ်လက်တွေ့ နဖူးတွေ့ဒူးတွေ့ ကြုံရတော့မှသာ တန်ဘိုးနားမလည်ကြတာ။ လူ့သဘာဝကလည်း ဒီလိုပါဘဲ။ မရင်ခင်၊ မမြင်ခင်၊ မတွေ့ခင်ကတော့ လိုချင်ရချင်စိတ် သိပ်ကြီးတယ်။ ရလာပြန်တော့ လေးလေးနက်နက် တန်ဘိုးထားရကောင်းမှန်း မသိတော့ဘူး။ ဒါကလည်း ကျနော်တို့အားလုံးရဲ့ ပညာရေးနဲ့ ဆိုင်မယ်ထင်တယ်။ ဒီမိုကရေစီတို့ လွတ်လပ်ခွင့်တို့၊ လောကနီတိတို့၊ မင်္ဂလာတရားတော်တို့၊ ဗြဟ္မစိုရ်တရားတို့၊ နိုင်ငံရေးသိပ္ပံတို့၊ လူမှုရေးသိပ္ပံတို့၊ ပြည်သူ့ရေးရာအုပ်ချုပ်မှုတို့၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုတို့၊ ပြည်သူ့ရေးရာ မူဝါဒတို့၊ မနုဿဗေဒတို့ စတဲ့ နိုင်ငံသားများ သိသင့်၊သိထိုက်တဲ့ ပညာရပ် (civic education)တွေကို စနစ်ဆိုးကြောင့် ထိတွေ့သင်ကြားခွင့် မရခဲ့ဘူး။ အဲတော့ ကျနော်တို့ မြန်မာတွေ ဒီမိုကရေစီ အမူအကျင့်တွေနဲ့ ဒီမိုကရေစီသဘော တရားရေးရာတွေကို နကန်းတစ်လုံးမှ မသိခဲ့တာ အပြစ်တော့ ပြောလို့မရပြန်ဘူး။

ကျနော်ပေရှည်ပြီး ပြောနေမိပြန်ပြီ။ တခါတလေ ပြောချင်တာတွေများများပြီး လိုရင်းမရောက်ဖြစ်ဖြစ်သွားလို့ မနည်း ထိန်းနေရတယ်။ တိုတိုပြောရရင် ဆရာ့ မွေးနေ့အထိမ်းအမှတ် ကုသိုလ်ကောင်းမှုလုပ်ဖို့ သံလျင်က သဘာဝတရားရိပ်သာကို ကျနော်တို့ရောက်သွားကြတယ် ဆိုပါတော့။ ကျနော့်သဘောက လှူတယ်၊ တန်းတယ်ဆိုရင် တကယ်ချို့တဲ့ပြီး လိုအပ်နေတဲ့ နေရာကို လှူချင်တာ။ သဘာဝတရားရိပ်သာသို့ဘရောက်ရောက်ချင်း တိုက်တာ အဆောင်တွေ ဆောက်နေတာရယ်၊ ကားကောင်း ကားသန့်တချို့ရောက်နေတာရယ်မြင်ပြီး နဲနဲတော့ တမျိုးဖြစ်သွားတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုတောင် ” ဟ.. ဒီကျောင်းက သူဌေးကျောင်းပါလား” လို့တောင် မှတ်ချက်စကားတစ်ခွန်း မထိန်းနိုင်ဘဲ ပြောလိုက်မိသေးတယ်။ ဆရာတော်ကို ဖူးရပြီး သူရှင်းပြတာကို နားထောင်လိုက်ရတော့မှ ကျနော့်အတွေး ပါးစင်အောင်လွဲသွားမှန်း သိလိုက်ရတယ်။ တကယ်တော့ ဆရာတော်က ကျနော်တို့အဖွဲ့လာမယ်ဆိုတာသိလို့ အရင်ရက်တွေကတည်းက (ကျနော်တို့အကြောင်းမကြားခင်) နေ့ဆွမ်းကပ်ဖို့ ပင့်ထားတဲ့နေရာကို ရိပ်သာဝင်းထဲ မနက်ဆွမ်းခံမကြွဘဲ စောင့်နေတာ။

ဆရာတော်ကို ဦးချပြီး စကားစမြည်ပြောကြတယ်။ ဆရာတော့်ကိုကြည့်ရတာ သက်တော်သိပ်မကြီးသေးတဲ့အပြင် ဗမာဟုတ်ပုံမရဘူး။ (နောက်မှသိရတာ ၄၃နှစ်ပဲရှိပြီး တရုတ်လူမျိုးတဲ့) သူ့ရိပ်သာက စုစုပေါင်း ၇၅ဧကရှိတယ်။ ရိပ်သာဝင်းထဲမှာ တရားအားထုတ်ချင်တဲ့သူတွေကို ဘာစည်းကမ်း၊ ဘာကန့်သတ်ချက်မှမထားဘူး။ တရားစခန်းဝင်ကြေးမကောက်ဘူး။ လူဦးရေ ကန့်သတ်မထားဘူး။ လူအမျိုးအစား ခွဲခြားမထားဘူး။ ဒုလ္လဘရဟန်း၊ တောထွက်ရဟန်း၊ အသက်အရွယ်သိပ်ကြီးသူ၊ ဂီလာန၊ စိတ်ရောဂါရှိသူ ဘယ်သူမဆို အခမဲ့ လာပြီး နေနိုင်တယ်။

ဒါ့အပြင် ခိုကိုးရာမဲ့ မိသားစုလိုက် လာနေတဲ့သူတွေကိုလည်း လက်ခံထားတယ်။ သားထောက်သမီးခံမရှိတော့တဲ့ လူအို၊လူမင်းတွေ၊ သားသမီးအစွန့်ခံ မိအို၊ ဘအိုတွေ၊ အေအိုင်ဒီအက်စ် ရောဂါရှင်တွေကအစ လက်ခံထားတယ်။ အားလုံးကို အခမဲ့နေခွင့်ပြုတဲ့အပြင် ထမင်းပါကျွေးထားတယ်။ ဒါနဲ့တင်မကဘူး။ အကြောင်းကြောင်းကြောင့် အိမ်လခမတတ်နိုင်တော့လို့ နေစရာအိမ်မရှိတော့တဲ့ မိသားစု ၃၀၀ကျော်ကိုလည်း ရိပ်သာနဲ့ ခပ်လှမ်းလှမ်းက ရွာအစွန်မှာ ဆရာတော်ကိုလှူထားတဲ့ လယ်ကွက်တွေထဲမှာ ၁၅ပေပတ်လည် မြေကွက်တစ်ကွက်စီရိုက်ပေးပြီး ကိုယ့်ဘာသာ အိမ်ဆောက်နေစေတယ်။ ဒီရိပ်သာကို တည်ထောင်တာ အခုဆို လေးနှစ်သက်တမ်းကျော်လာပြီ။ လာပြီး ခိုလှုံတဲ့သူက တနေ့တခြား များများလာတော့ ဆရာတော်ခမျာ နားမနေရရှာဘူး။ တရားဟောလို့ ရသမျှ နဝကမ္မငွေအားလုံး ဒီရိပ်သာထဲဘဲ စိုက်ထည့်တယ်။

တချို့ကျတော့လည်း ဆရာတော်ရဲ့ ဝိပဿနာတရားတော်နဲ့ ဆရာတော်ရဲ့ မွန်မြတ်လှတဲ့ အလှူဒါန၊ စောင့်ရှောက်မှု စေတနာ ပါရမီတော်ကို ကြည်ညိုလေးစားလွန်းတာနဲ့ ကျောင်းတိုက်တွေ၊ အဆောင်တွေ ဆောက်ပြီး လှူတဲ့သူကလှူ၊ နေ့စဉ် ဆွမ်းစရိတ်တာဝန်ယူတဲ့သူက ယူ၊ လိုအပ်တဲ့ ပစ္စည်းလေးပါးနဲ့ တခြားစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး ဒါနပြုတဲ့သူကပြုနဲ့ လေးနှစ်သက်တမ်းကို ရောက်လာတယ်။

” ရောက်လာတဲ့သူကတော့ စရိုက်စုံ၊ လူမျိုးစုံပဲ ဒကာကြီးရဲ့။ ဦးဇင်းက သူတို့ကို ဘာစည်းကမ်း၊ ဘာတာဝန်မှ သတ်မှတ်မပေးဘူး။ သူတို့တတွေ ကောင်းတဲ့ ပတ်ဝန်းကျင်၊ ဒါန၊သီလ၊ ဘာဝနာ ပြုတဲ့ ပတ်ဝန်းကျင်ကိုရောက်နေကြပြီ။ ပတ်ဝန်းကျင်ကလူတွေ ကုသိုလ်အလုပ်လုပ်တာ မြင်ပြီး ဘယ်သူမှ တိုက်တွန်းစရာမလိုပဲ ကိုယ်တိုင်စိတ်ပါလက်ပါ လုပ်တာမျိုးပဲ ဦးဇင်းလိုလားတယ်။ တရားအလုပ်လုပ်တဲ့နေရာမှာ အဓိက က စိတ်ရော ကိုယ်ပါ လွတ်လပ်နေဖို့ပဲ။ ရောက်လာတဲ့ လူအားလုံးနီးပါးတော့ ရောက်ပြီး မကြာပါဘူး။ ဝေယျာဝစ္စလုပ်ဖို့ကော၊ တရားအားထုတ်ဖို့ကော၊ ဒါနပြုဖို့၊ သီလဆောက်တည်ဖို့ကော သူ့အလိုလို လုပ်လာကြတယ်။ ကောင်းတာလုပ်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ပေးထားတော့ ကောင်းတဲ့အလုပ်တွေ ကူးစက်တဲ့သဘောပေါ့။ လူက တစ်ဖြည်းဖြည်းများလာတော့ နေရာထိုင်ခင်း အခက်အခဲရှိတယ်။

အဲဒီအတွက် ဦးဇင်း တရားဟောလို့ရတဲ့ အလှူငွေအားလုံးထည့်သုံးတဲ့အပြင် တစ်ဦးချင်း အလှူရှင်တွေ အကူအညီလည်း ရပါတယ်။ လူလည်းများလာ၊ လုပ်စရာတွေလည်းများလာပေမယ့် အခုအချိန်အထိ ငွေကြေးအတွက် ပူပင်ရတာမျိုးမရှိဘူး။ အချိန်တန်တော့ သူ့အလိုလို လှူမယ့်သူ ပေါ်လာတယ်။ ဦးဇင်းကလည်း လှူသမျှအားလုံး ဒီရိပ်သာထဲပဲ ထည့်သုံးနေတယ်။ အခုဆို ဒီမှာ လာတရားအားထုတ်တဲ့သူတွေ များလာတယ်။ ရောက်စတော့ ဘယ်နေတတ်မလဲ။ ဒီမှာက လူစုံတာကိုး။ နောက်တော့ အသားကျသွားကြတယ်။ နိုင်ငံခြားသားတချို့တောင် လာတယ်။ သူတို့က ဒီမှာ သဘာဝအတိုင်း တဲကလေးနဲ့ နေရတာ အားထုတ်ရာတာကို သဘောကျကြတယ်”။

ကျနော်တို့မီဒီယာမိသားစုတွေအားလုံး လုပ်အားခ လစာငွေထဲက စုထားတဲ့ အလှူငွေကို ဆရာတော့်ကို ဆက်ကပ်တယ်။ နဝကမ္မရယ်၊ နေ့ဆွမ်းအတွက်ရယ် ခွဲလှူတယ်။ လှူတဲ့ငွေက မများပါဘူး။ ဒါပေမယ့် ဆရာတော်ရဲ့ မွန်မြတ်လှတဲ့ စေတနာကို ဆရာနေအတွက် ကုသိုလ်ကောင်းမှုအလို့ငှာ တတ်အားသရွေ့ ဖြည့်ဆည်းပေးတဲ့သဘောလောက်ပါ။ တိုက်ဆိုင်တယ်လို့ပြောရမလားမသိဘူး။ တစ်မနက်လုံး နေသာလိုက် မိုးအုံ့လိုက်ဖြစ်ပြီး ရွာဖို့ အရိပ်အယောင်မပြခဲ့တဲ့ မိုးက ရုတ်တရက် ခပ်ဖွဲဖွဲရွာချတယ်။ လှူပြီးတာနဲ့ ၅မိနစ်လောက်နေတော့ ပြန်တိတ်သွားရော။

ဆရာတော်က ကျနော်တို့ အဖွဲ့နဲ့ တော်တော်လေးကြာအောင် စကားပြောတယ်။ ကျနော်တို့သတင်းစာစောင်မှာ တရားရိပ်သာအကြောင်းပါသွားတော့ လူသိပိုများပြီး လှူတဲ့သူရော၊ တရားလာအားထုတ်တဲ့သူရော၊ အကူအညီတောင်းတဲ့သူရော တိုးလာသတဲ့။ ကျနော့်အထင် လောလောဆယ်တော့ နေစရာမရှိလို့ ၁၅ပေပတ်လည် မြေကွက်လာတောင်းတဲ့သူနဲ့ အပြီးလာခိုလုံချင်တဲ့သူတွေပဲတွေ့နေရသလားလို့။ ကျနော်တို့ ထိုင်နေတဲ့အခိုက်မှာတင် အဲလိုလာတဲ့သူတွေ တွေ့နေရတယ်။ ကျနော်တို့ ဆရာတော်နဲ့ စကားပြောနေတုန်းမှာပဲ သံလျင်ပြည်သူ့ဆေးရုံကြီးက အမျိုးသမီး ဆရာဝန်ကြီးရောက်လာတယ်။ သူက အသက်၅၀ကျော်လောက်ရှိပုံပဲ။ သူက ဆရာတော့်ကို အတော်ကြည့်ညိုပုံရတယ်။

ဆရာတော်ကို ဖူးချင်တဲ့ နောက်ထပ်ဧည့်သည်တွေရောက်လာတာရော၊ ဆရာတော် ဆွမ်းဘုန်းပေးဖို့ ကြွရဦးမှာကြောင့်ပါ ကျနော်တို့အဖွဲ့ ရိပ်သာအတွင်းမှာ ရှိတဲ့ သက်ကြီး ဘိုးဘွားတွေကို ပါလာတဲ့ ပေါင်မုန့်နဲ့ ကော်ဖီမစ်ထုပ်တွေ လိုက်ဒါနပြုဖို့ ထွက်ခဲ့ကြတယ်။ အဆောင်အားလုံးတောင် မနှံ့လိုက်ပါဘူး။ ပေါင်မုန့်နဲ့ ကော်ဖီမစ်ထုတ် ကုန်သွားတယ်။ ကုန်ခါနီးအချိန်မှာ မိုးသားတွေမဲတက်လာပြီး ရွာပါလေရော။ ပထမတော့ ဖွဲဖွဲ။ နောက်သဲလာတယ်။ အဲဒါနဲ့ ဆေးခန်းဖွင့်ထားတဲ့အခန်းမှာ ခဏဝင်မိုးခိုရသေးတယ်။ ဆေးခန်းမှာလည်း ယောဂီသူနာပြုတွေကော၊ ဆေးရုံက သူနာပြုဆရာမကြီးတွေရော၊ မြို့နယ်ဆရာဝန်ကြီးပါ ပြုံးပြုံးရွှင်ရွှင် ချိုချိုသာသာသာနဲ့ သက်ကြီး ဘိုးဘွားတွေကို ဆေးကုသပေးနေကြတယ်။ သူတို့အားလုံး ပိတ်ရက်မှာ လာပြီး စေတနာ့ဝန်ထမ်းကြတာလေ။ ဒီမြင်ကွင်းကို ကျနော်ကြည့်ပြီး တော်တော် ပီတိဖြစ်မိတယ်။

မိုးစဲသွားတော့ ကျနော်တို့ ဆရာတော့်ကျောင်းကို ခဏပြန်တယ်။ ခဏနေတော့ ဆွမ်းခံကြွသွားတဲ့ သံဃာတော်တွေ ပြန်ကြွလာပြီ။ ဆွမ်းစားချိန်လည်းရောက်ပြီ။ သံဃာတော်တွေကို ဆွမ်းစားဆောင်မှာ ကျနော်တို့ ဆွမ်းကပ်ကြတယ်။ ပြီးတော့ အဲဒီမှာပဲ ကျနော်တို့ အဖွဲ့ နေ့လယ်စာစားကြတယ်။ တနင်္ဂနွေနေ့ဖြစ်တော့ ကျနော်တို့ အဖွဲ့နဲ့အတူအခြား အဖွဲ့နှစ်ဖွဲ့လည်းရောက်နေတယ်။ တစ်ဖွဲ့က ရိပ်သာတွင်း ဆောက်လုပ်ရေးနဲ့ ဗာဟီရတွေ လုပ်အားပေး ကူညီဖို့။ နောက်တစ်ဖွဲ့က ဆေးကျောင်းသားတွေ စုပြီး ဘိုးဘွားတွေကို ဆံပင်ညှပ်ပေး၊ ခြေသည်းလက်သည်းလှီးပေးကြတာ။ နောက် သစ်ပင်စိုက်တာ၊ သန့်ရှင်းရေးလုပ်တာတို့လည်း ဝိုင်းကူကြတယ်။ ကျနော့်တို့ အဖွဲ့တွေတောင် ထမင်းမစားခင်က ဝိုင်းကူလုပ်လိုက်ကြသေးတယ်။

သံဃာနဲ့ ဧည့်သည်တွေ ထမင်းစားဆောင်ရှေ့မှာ ပိုလီယိုရောဂါသည် ကလေးနှစ်ယေက်ရှိနေတယ်။ တစ်ယောက်က အသက်လေးနှစ်လောက်ရှိတဲ့ ယောက်ျားလေး။ သူက ထမင်းစားဆောင်နဲ့မျက်နှာချင်းဆိုင် အဆောင်ရဲ့ ဝရံတာ အုတ်ခုံစင်္ကြံလေးပေါ်မှာထိုင်လို့။

နောက်တစ်ယောက်က အသက်ဆယ့်နှနှစ်လောက်ရှိမယ့် မိန်းကလေး။ သူကတော့ ဟောင်းနွမ်းနေတဲ့ ဘီးတပ်ကုလားထိုင်ပေါ်မှာ။ ကျနော်တို့အဖွဲ့ထဲက တစ်ယောက်က ပိုလီယိုကလေးကို ထမင်းခွံ့ကျွေးတယ်။ သူ့ကို ကျနော်တို့ ဓာတ်ပုံရိုက်ကြတော့ အဲဒီကလေးက မျက်နှာချင်းဆိုင် ဘီးတပ်ကုလားထိုင်ပေါ်က မိန်းကလေးကိုလည်း ရိုက်ပေးဖို့ ခြေဟန်လက်ဟန်ပြတယ်။ မိန်းကလေးကလည်း ဓာတ်ပုံရိုက်နေတဲ့ ကျနော့်ကို တစောင်းမော့ကြည့်ပြီး ရွဲ့စောင်းနေတဲ့ အပြုံးလေးနဲ့ ကြည့်နေရှာတယ်။ ကျနော်က သူ့ကိုပါ ရိုက်ပေးတော့ ဟိုကလေးရော သူရော ပျော်လိုက်ကြတာ။

ကျနော့်မှာ မျက်ရည်တောင်လည်မတတ် ကြည်နှုးစိတ်မကောင်းဖြစ်ရတယ်။ သြော်.. ကရိကထနိုင်လွန်းလို့ ဒီမှာလာစွန့်ပစ်ခံရတဲ့ သူတို့တတွေခမျာ သနားစရာကောင်းလှပါလား။ ဒါပေမယ့် သူတို့အိမ်မှာထက်စာရင် သူတို့တတွေကို ရှိတဲ့သူတွေက ဂရုတစိုက်ရှိကြတယ်။ လာတဲ့ဧည့်သည်တွေကလည်း ကြင်ကြင်နာနာ ဂရုစိုက်ကြတော့ ကံဆိုး၊ ကံကောင်းပါလားလို့လည်း တွေးမိတယ်။ သူတို့အိမ်မှာဆို ဒီလို သိုက်သိုက်ဝန်းဝန်း ဘယ်နေရမှာတုန်း။

ကျနော်တို့ ထမင်းစားပြီးတာနဲ့ မရောက်သေးတဲ့ ဘိုးဘွားဆောင်တွေကို လိုက်ကြည့်ကြတယ်။ ရောက်သွားတဲ့အဆောင်က သက်ကြီး အမျိုးသမီးဆောင်။ အဆောင်ဆောက်ထားတဲ့နေရာက တောင်ကမူကြီးကို မြေကြီးတွေတူးဖဲ့ပြီး လမ်းဖို့ဖို့ ရောင်းသွားတဲ့ ကုမ္မဏီပိုင်မြေနေရာ။ အဲဒီကုမ္မဏီက မြေကြီးတွေတူးထားတော့ ချိုင့်ကြီးလိုဖြစ်နေပေမဲ့ အရင်ကတောင်ကမူဖြစ်ခဲ့တော့ ရေဝပ်တာတော့မရှိဘူး။ အဲဒီနေရာမှာ ဆရာတော်က သရက်ပင်တွေ စိုက်ထားတယ်။

အဆောင်ပေါ်ရောက်တော့ အသက် ၁၀၆နှစ်ရှိတဲ့ တရုတ်အဖွားနဲ့တွေ့ရတယ်။ ဆံပင်မရှိတော့တဲ့ ခေါင်းတုံးနဲ့ ခန္ဓာကိုယ်မှာ မှဲ့ခြောက်လေးတွေနဲ့။ ခါးနဲနဲကိုင်းနေပေမယ့် လေသံကမာတုန်း။ နားကလည်း ပါးမှပါးတဲ့။ ကျနော်တို့ရောက်သွားတဲ့အချိန် သွားမရှိတော့တဲ့ ပါးပိန်ခြောက်ခြောက်လေးတွေ လှုပ်စိလှုပ်စိနဲ့ ဘယာကြော် တစ်ခုဝါးနေတယ်။ ကျနော်က ” အဘွား သွားတွေမရှိတော့ ဘယ်လိုဝါးနေလဲ” လိုမေးတော့ ” သွားဖုံးနဲ့ ဖြည်းဖြည်းကြိပ်ချေရတာပေါ့။

ပျော့သွားတော့မှ ထပ်ဝါးပြီး မြိုချတယ်” လို့ဖြေတယ်။ အဘွား အသက်မေးတော့ တစ်ရာ့ခြောက်နှစ်ရှိပြီတဲ့။ ဒီရိပ်သာကို ရောက်တာ လေးနှစ်ရှိပြီ။ ဘယ်နှစ်ဘယ်လက ရောက်တယ်ဆိုတာ အတိအကျပြောပြတယ်။ မှတ်ဉာဏ်ကလည်း အခုထိကောင်းတုန်း။ နားပါးပုံကလည်း ပြောမနေနဲ့။ လိုက်ပို့တဲ့ ဆရာကလေးနဲ့ စေတနာ့ဝန်ထမ်း သူနာပြုအမျိုးသမီးက အခန်းထဲမှာ တိုးတိုးပြောရင်တောင် အဖွားက ကြားသတဲ့။

ကျနော့်အဖွဲ့ကတစ်ယောက်က “တိုးတိုးတိုးတိုးနဲ့ အဖွားအကြောင်း အတင်းပြောရင်ကော ကြားသလား” လို့မေးတော့ ” တိုးတိုးပြောရင် အတင်းပေါ့။ မကြားအောင်ပြောတာ အတင်းလေ။ အဲလိုပြောရင် ဟေ့ ငါ့အကြောင်း ဘာအတင်းပြောနေကြလဲလို့ အော်မေးလိုက်တယ်” လို့ ပြန်ပြောတော့ ကျနော်တို့အားလုံး ပွဲကျသွားကြတယ်။ အခန်းဖော်တစ်ယောက်က “သူအခု ခြင်္သေ့တွေ ဘယ်နှကောင်မှန်းမသိဘူးရထားတယ်။ တနေ့က သူ့အမျိုးတွေလာပြီး ပေးသွားတာ” လို့ဆိုတော့ ကျနော့် အဖွဲ့က တစ်ယောက်က ဘယ်လောက်ကန်တော့သွားလဲ အဖွားလို့ မေးတော့ အဲဒါမဖြေဘူး။ စကားလမ်းလွှဲပြီး တခြားဟာဖြေတယ်။ “

အဖွားကတော်တော်လည်တယ်။ မေးတာမဖြေဘူး” လို့ပြောတော့မှ ” မကျန်းမာရင် ဆေးကုဖို့နဲ့ အားလုံးကို လှူတယ်လေ။ ဆရာတော်ကိုလည်း လှူတယ်” လို့ဖြေတယ်။ ရာကျော်အဖွားနဲ့ ကုတင်ချင်းကပ်လျက် မှာ အိပ်ယာထဲမှာ နဖူးနဲ့ ဒူးတိုက် ခေါင်းငိုက်နေတဲ့ အဖွားကို တွေ့လို့ မေးကြည့်မိတယ်။ အဲဒီအဖွားက ခါးရိုးကျိုးနေတာတဲ့။ သူ့သားသမီးတွေ က နေ့ခင်းအလုပ်သွားလုပ်ကြတဲ့အခါ အိမ်မှာ တစ်ယောက်ထဲ သော့ခပ်ထားခဲ့တယ်။ မလှုပ်နိုင်၊ မထနိုင်တော့ အပေါ့အလေးတွေနဲ့ နံစော်ပြီး တစ်ယောက်ထဲ အဲလို ကျန်ခဲ့ရတော့ စိတ်ပါ ထိခိုက်သွားရှာတယ်။

အဲဒါကို သိလို့ ရိပ်သာကို လာပို့ထားတော့ ဒီအဆောင်ကို အနီးကပ်ပြုစုစောင့်ရှောက်ဖို့ တာဝန်ကျတဲ့ စေတနာ့ဝန်ထမ်း အမျိုးသမီးက မရွံမရှာ၊ သုတ်သင်ပြုစုပေးရှာတယ်။ ဒီလို ကိစ္စမျိုး၊ ဒီလိုစေတနာမျိုး တော်ရုံလူ မထားနိုင်၊ မကျင့်နိုင်၊ မလုပ်နိုင်ဘူး။ ကျနော် အဲဒီအမျိုသမီးကို စိတ်ထဲကနေ ဦးအခါခါ ညွတ်ပြီး အလေးပြုခဲ့သလို ပါးစပ်ကလည်း ထုတ်ပြီး ချီးကျူးဂုဏ်ပြုခဲ့တယ်။ 

ခဏနေတော့ ကျန်တဲ့ အဖွားတွေကို နှုတ်ဆက်ပြီး ခိုကိုးရာမဲ့ (အိမ်ရာမဲ့) နေစရာအခက်အခဲဖြစ်ကာ ဆင်းရဲဒုက္ခရောက်နေကြသော မိသားစုများကို ဆရာတော် မေတ္တာနဲ့ နေခွင့်ပြုထားတဲ့ ၁၅ပေပတ်လည် အိမ်စုတန်းဆီကို ထွက်ခဲ့ကြတယ်။ လမ်းမှာ ငါးထပ်အမြင့် လူမမာများအတွက်သီးသန့်ဓမ္မာရုံဆေးရုံဆောက်ဖို့ မြေတူးထားတာတွေ့ရတယ်။

ဒီနေရာကတော့ စောစောကပြောသလို ရိပ်သာဝင်းနဲ့ သီးခြားတစ်နေရာမှာ ဆရာတော်က နေစရာပဲပေးထားတယ်။ အိမ်ကိုယ့်ဘာသာဆောက်။ စားစရာကိုယ့်ဘာသာသာရှာ။ ရွာတစ်ရွာလိုဖြစ်နေပြီ။

အိမ်ဆောက်စရိတ်မတတ်နိုင်တဲ့သူကိုလည်း ဓမ္မာရုံအဖြစ်ဆောက်ထားတဲ့ တဲတန်းရှည်ကြီးပေါ်မှာ ခေတ္တခိုလုံစေပြီး အိမ်ဘိုး ဒါနပြုသူပေါ်တာနဲ့ ဆောက်ပြီးတဲ့ အိမ်နေရာမှာ ပြောင်းနေစေတယ်။ ကျနော်တို့သွားတော့ အဲဒီဓမ္မာရုံပေါ်မှာ မိသားစု နှစ်စုရှိနေတယ်။ အရင်ကတော့ လေးစုရှိတယ်တဲ့။ World Vision က လာလှူသွားလို့ မိသားနှစ်စုက ထီပေါက်သွားပြီး ကိုယ်ပိုင်အိမ်ရသွားသတဲ့။

အဲဒီနေရာမှာ ရီစရာအဖြစ်တစ်ခုတွေ့သေးတယ်။ တစ်နေရာမှာ တခြားအိမ်တွေနဲ့ မတူဘဲ ကောင်းကောင်းသန့်သန့်၊ ခိုင်ခိုင်မာမာ အိမ်တစ်လုံးတွေ့လို့ မေးကြည့်တယ်။ ဒါ အရင် ဒီကလူတွေ ပြောင်းမလာခင် သူတို့နေခဲ့တဲ့ ရပ်ကွက်က ရပ်ကွက်လူကြီးအိမ်တဲ့။ သူက အရင်နေရာဟောင်းမှာ အိမ်ပိုင်၊ အိုးပိုင်၊ စားနိုင်သောက်နိုင်ပေမယ့် သူအုပ်ချုပ်တဲ့ ရပ်ကွက်က သူနဲ့ ရင်းနှီးနေတဲ့ မိသားစုတွေ၊ အိမ်ထောင်တွေအားလုံးနီးပါး ဒီနေရာကို ပြောင်းလာတော့ အုပ်ချုပ်စရာလူမရှိတော့တာက တစ်ကြောင်း၊ ဒီလူတွေနဲ့ မိသားစုလို ခင်မင်နေတာကတစ်ကြောင်းကြောင့် သူပါလိုက်ပြောင်းလာသတဲ့။ အဲဒီအကြောင်းကို ကြားတော့ ကျနော်တို့အဖွဲ့သားတွေအားလုံး အသံထွက်အောင် အားရပါးရရီလိုက်ရတာလေ။

အချိန်ကလည်း မနည်းတော့တာမို့ ကျနော်တို့အဖွဲ့ ရိပ်သာမှာ စေတနာ့ဝန်ထမ်း ကူညီလုပ်ကိုင်၊ စီမံခန့်ခွဲပေးနေတဲ့ ဆရာလေးနဲ့ ကျန်တဲ့သူတွေကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြတယ်။ စိတ်ထဲမှာ ဆရာတော်ရဲ့ ကြီးမားလှတဲ့ မေတ္တာစေတနာ၊ ကျယ်ပြောလှတဲ့ ဂရုနာ၊ ကြည်ညိုစရာကောင်းလှတဲ့ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တွေကို သာဓု အကြိမ်ကြိမ် ခေါ်မိတယ်။ နောက်ထပ် လှူနိုင်သလောက် လှူဖို့လည်း စေတနာသဒ္ဒါစိတ် တဖွားဖွားဖြစ်မိတယ်။ ဆရာတော်ရဲ့ စိတ်စေနာကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ ဒီအကြောင်းရေးဖြစ်တယ်။ တတ်နိုင်သလောက် ဝေမျှပေးရင်း ဆရာတော်ကို အထောက်အပံ့ဖြစ်စေချင်တယ်။ ဆရာတော်ရဲ့ နက်နဲပြီး ရှင်းလင်းလှတဲ့ တရားဓမ္မကိုလည်း ကျနော်နားလည်သလို ပြန်ရေးပြပါအုံးမယ်။ လိပ်စာကတော့ သဘာဝ တရားရိပ်သာ၊ ကျိုက်ခေါက်ဘုရားနဲ့ တာဝတက္ကသိုလ်အကြား၊ သံလျင်မြို့၊ ဖုန်း ၀၉ ၅၀၈၅၂၁၂၊ ၀၉ ၇၃၀ ၃၀၇၃၆ပါ။ လက်တွေ့ သွားပြီး ကိုယ်ထိလက်ရောက် လှူဒါန်း ကုသိုလ်ယူဖို့၊ ပွားများအားထုတ်ဖို့ တိုက်တွန်းချင်တယ်။

(The Voice Journal အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ facebook ဆောင်းပါးမှတဆင့် ကူးယူဖော်ပြအပ်ပါသည်)

မေတ္တာဖြင့်

စိုးဝင်းထွဋ်

ဘ၀တစ်သက်တာ ဆောင်ရန် – ရှောင်ရန် (အနတ္တအဆုံးအမများ အပိုင်း ၁)

Feb 11, ’12 3:21 AM

ဘ၀တစ်သက်တာ ဆောင်ရန် – ရှောင်ရန် (အနတ္တအဆုံးအမများ အပိုင်း ၁) 

ပျော်ရွှင်အေးချမ်းသောဘ၀ တည်ဆောက်နိုင်ရေး

ဘ၀တစ်သက်တာ ဆောင်ရန် – ရှောင်ရန်
(အနတ္တအဆုံးအမများ အပိုင်း ၁)

ဦးဥတ္တမသာရ (သဘာဝတရားရိပ်သာ-သန်လျင်)

အဓိက ထားရမှာ နဲ့ မထားရမှာ

– လုပ်သင့်တာကိုလုပ်နိုင်ဖို့ကိုသာ အဓိကထား၊
လုပ်ချင်တာ(မလုပ်ချင်တာ)ကို အဓိကမထားနဲ့။

-ဖြစ်သင့်တာ ဖြစ်ဖို့ကိုသာ အဓိကထား၊
ဖြစ်ချင်တာ(မဖြစ်ချင်တာ) ကို အဓိကမထားနဲ့။

သိသင့်တာသိဖို့ကိုသာ အဓိကထား၊
သိချင်တာ(မသိချင်တာ)ကို အဓိကမထားနဲ့။

– အိတ်ထဲမှာ ပိုက်ဆံရှိတာ၊ မရှိတာထက်၊
စိတ်ထဲမှာ ပိုက်ဆံရှိမနေဖို့ကို အဓိကထားပါ။

– ကိုယ်ခန္ဓာမှာ ရောဂါရှိတာ မရှိတာထက်၊
စိတ်ထဲမှာ ရောဂါရှိမနေဖို့ကို အဓိကထားပါ။

ကံတူ အကျိုးပေး

-ပြုလုပ်သည့်အတိုင်းပင် အကျိုး ဖြစ်သည်။

-သတ်ဖြတ်ခြင်း၏အကျိုးသည် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

-ကဲ့ရဲ့ခြင်း၏အကျိုးသည် ကဲ့ရဲ့ခံရခြင်းဖြစ်သည်။

-အမျက်ထွက်ခြင်း၏ အကျိုးသည် အမျက်ထွက် ခံရခြင်းဖြစ်သည်။

-မည်သူ့ကိုမျှ ကြမ်းတမ်းသည့်စကားကိုမဆိုပါနှင့်၊
ကြမ်းတမ်းသည့်စကားကိုဆိုလျှင်ထိုနည်းတူပြန်ဆို ခံရလိမ့်မည်။

-ခိုက်ရန်စကားကြောင့်ဒုက္ခပွားများလာတတ်သည်။

-သူတစ်ပါးကို ဒဏ်ပြုလျှင် သင်လည်းဒဏ်ပြန်ခံရလိမ့်မည်။

-မကောင်းမှုသည် လတ်ဆတ်သောနို့ကဲ့သို့ လျင်မြန်စွာ ဖောက်ပြန်ပြောင်းလဲမသွားပေ၊
ပြာဖုံးထားသောမီးခဲကဲ့သို့ တငွေ့ငွေ့လောင်ကျွမ်းလျှက်
လူမိုက်၏နောက်သို့ အစဉ်လိုက်လေသည်။

အပြောလျော့

-အကျိုးမဲ့အချည်းနှီးဖြစ်သော စကားအခွန်း တစ်ထောင် နာကြားရသည်ထက်ငြိမ်းချမ်းမှုကိုရရှိမည့်
အကျိုးရှိသောစကားတစ်ခွန်းက သာ၍မြတ်၏။ 

-၀ါဒငြင်းခုန်ခြင်းကိုပြုလုပ်သဖြင့် အတွင်းသဘော
စင်ကြယ်မှုမဖြစ်နိုင်ပေ၊ မာန်မာနပွားများခြင်း၏
အကျိုးကျေးဇူးသာလျှင် အဖတ်တင်သည်။

-တစ်ယောက်ကိုတစ်ယောက် လူမိုက်လူအ ဟူ၍
ပြောဆိုနေကြသူတို့သည် လူတော်လူကောင်းမဟုတ်ကြပေ၊ အကြောင်းမူကား သူတို့သည်
မိမိ၏အယူဝါဒကိုသာလျှင် အမှန်ဟုယူဆကြ၍သူတစ်ပါးတို့ကိုမူ လူမိုက်လူအဟု ထင်မှတ်ကြ
သောကြောင့် ဖြစ်သည်။

စွမ်းရည်သတ္တိကို အဓိကထား

-အကယ်၍ တစ်စုံတစ်ယောက်သောသူသည် လုံ့လ
ရှိသူ လမ်းကောင်းလမ်းမှန်သို့သွားသူ ဇွဲရှိသူ မိတ်ဆွေမျိုးကို တွေ့ရလျှင် ဒုက္ခဟူသမျှ အနှောင့်
အယှက်ဟူသမျှကို တွေ့ကြုံခံစားရသော်လည်း ထိုမိတ်ဆွေနှင့် အတူတကွ နေသင့်သည်။

ကြည့်တဲ့အတိုင်း မြင်တယ်

-လောက၌ အကဲ့ရဲ့လွတ်သောသူဟူ၍ မရှိ၊ ချီးမွမ်း စရာ တစ်ကွက်မျှမရှိသောသူ ကဲ့ရဲ့စရာတစ်ကွက်
မျှ မရှိသောသူဟူ၍ ရှေးကလည်းမရှိခဲ့ နောင်သော အခါလည်း ရှိလိမ့်မည်မဟုတ်၊ ယခုလည်းမရှိ။

-အချို့သောသူတို့က မြတ်၏ဟု အထင်ရှိသော
တရားကိုပင် အချို့သောသူတို့က ယုတ်၏ဟု အထင်ရှိကြသည်။

ပုဂ္ဂိုလ်အားလုံးသည် ကိုယ့် ငါးချဉ် ကိုယ်ချဉ်တတ်ကြသည်ဖြစ်ရာ ယင်းတို့၏
ဝါဒအနက် အဘယ်ဝါဒသည် မှန်ကန်သင့်လျော် သည်ဟု ပြောမည်နည်း။

မှန်သောအဓိကထားခြင်း

-ဘယ်သူဘယ်ဝါဆိုတာထက် ဘာလုပ်သလဲ ဆိုတာကို ပိုအဓိကထားပါ၊

-ဖြစ်တဲ့အကျိုးထက် ပြုလုပ်တဲ့အကြောင်းကို ပိုအဓိကထားပါ။

-ဖြစ်တာ မဖြစ်တာ၊ လုပ်တာ မလုပ်တာ၊ သိတာ၊ မသိတာတွေကို အဓိကထားမှုကြောင့် လုပ်ချင် – မလုပ်ချင်၊ ဖြစ်ချင်မဖြစ်ချင်၊ သိချင်မသိချင်ဆိုတဲ့ လိုအင်ဆန္ဒတွေ မဆုံးနိုင်အောင်ဖြစ်ရတယ်၊
အဟုတ်ထင်-ငြိတွယ်-အဓိကထားမှုကိုစွန့်နိုင်မှ လိုအင်ဆန္ဒတွေ အဖြစ်ရပ်မယ်။

-ဟိုဟာလုပ်ချင်၊ဒီဟာလုပ်ချင်ဆိုတာတွေက ကိုယ်
ရဲ့ သေးသိမ်တဲ့လိုအင်ဆန္ဒနဲ့ ပတ်သက်နေတယ်။

-နာမည်ကို အဓိကထားရင် နာမည်ခံပဲဖြစ်မယ်၊
အလုပ်နဲ့ စွမ်းဆောင်ရည်ကို အဓိကထားမှ
အမှန်အကန်ဖြစ်မယ်။

-စကားကို အဓိကထားတာ၊ စိတ်ကို အဓိကထား တာထက် တရားနားလည်ဖို့ကို အဓိကထားမှ မှန်တယ်။

-အပူဇော်ခံရတာမခံရတာထက် အပူဇော်ခံထိုက်တဲ့ စွမ်းရည်သတ္တိရှိဖို့က ပိုအရေးကြီးတယ်။

-လာဘ်လာဘပေါတာ မပေါတာထက် အလှူခံယူ ထိုက်တဲ့ စွမ်းရည်သတ္တိရှိဖို့က ပိုအရေးကြီးတယ်။

-သူများကြည်ညိုတာ မကြည်ညိုတာထက်အကြည် ညိုခံထိုက်တဲ့ စွမ်းရည်သတ္တိရှိဖို့က ပိုအရေးကြီးတယ်။

-အသုံးပြုတဲ့နည်းလမ်းတွေ၊ အချိန်ကာလ၊ နေရာ
ဒေသတွေ၊ တွေ့ကြုံတဲ့ အတွေ့အကြုံတွေကိုအဓိက
ထားမှုကိုစွန့်ပြီး ကြိုးပမ်းအားထုတ်မှုကိုသာ အဓိကထားပါ။

(သန်လျင်သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ၏ အနတ္တအဆုံးအမများ ၃-၂၀၁၁၊ ၄-၂၀၁၁ ကို အပိုင်းခွဲလျှက် တင်ပြထားခြင်းဖြစ်ပါသည်။ ဆက်လက်ဖော်ပြပါမည်။)

ပညာ အမိုး၊ သမာဓိ အခင်း၊ သီလ အကာ
သဘာဝတရားရဲ့ သဘာဝတရားရိပ်သာ။

မေတ္တာဖြင့် –

စိုးဝင်းထွဋ်

ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ (အပိုင်း ၁၀)

Jan 18, ’12 5:04 AM

ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ (အပိုင်း ၁၀)

အမှန်တရားကို သိနားလည်ဖို့အတွက် ကျွန်ုပ်တို့ တည်ငြိမ်အေးချမ်းသောစိတ်၊ ဥပါဒါန်-ဆုပ်ကိုင်မှု နည်းသော ပွင့်လင်းရိုးသားသော သဘောထားများ ရှိဖို့လိုအပ်ပါသည်။

တနည်းအားဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ ဟိုအရေး၊ ဒီအရေး၊ ဟိုပူ၊ ဒီပူ၊ ယောက်ယက်ခတ်နေသော၊ ဟိုဟာ-ဒီဟာ အလိုမကျဖြစ်နေသော၊ မကျေမနပ်ဖြစ်နေတတ်သော သဘောထားတို့ တတ်နိုင်သမျှ နည်းပါးဖို့လိုအပ်ပါသည်။

တည်ငြိမ်အေးချမ်းသောစိတ်ဖြစ်ပေါ်ဖို့ ဟိုပူ၊ ဒီပူ၊ ဟိုမကျေနပ်၊ ဒီမကျေမနပ်ဖြစ်နေမှုတို့ တတ်နိုင်သမျှ နည်းပါးစေရန် … လောဘ၊ ဒေါသကို စွန့်လွှတ်ခြင်းအလုပ် (ဒါန၊ သီလ၊ ဘာဝနာအလုပ်)တို့ကို တတ်စွမ်းသမျှ အကန့်အသတ်မထားပဲ ပြုလုပ်နိုင်ဖို့ လိုအပ်ပါသည်။

လောဘ၊ ဒေါသကို စွန့်လွှတ်ခြင်းအလုပ် (ဒါန၊ သီလ၊ ဘာဝနာအလုပ်)တို့မပါဝင်ပဲ ပူလောင် ယောက်ယက်ခတ်နေသောစိတ်များ(သို့) ဘာမှ-ညာမှ-ဟိုလိုမှ-ဒီလိုမှ ဆိုပြီး ဆုပ်ကိုင်မှု အားကြီးသောဥပါဒါန်စိတ်များဖြင့် အမှန်တရားကို လေ့လာပါက အမှန်တရားဟူသည် နားလည်ရန် ခက်ခဲသည်။ မြင့်သည်။ ဘာတွေမှန်းမသိ စသည်ဖြင့် ထင်မှတ်ရပါသည်။

တနည်းဆိုသော် အမှန်တရားနားလည်မှုသည် လောဘ၊ ဒေါသ၊ မောဟ ကို စွန့်လွှတ်နေခြင်းအလုပ် (သို့) ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကို ငြိတွယ်မှုမပါ လုပ်ရုံသက်သက် လုပ်တတ်ခြင်း တို့နှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။

အမှန်တရားဟူသည် နိမ့်သည် မြင့်သည်မဟုတ်ဘဲ အမှန်တရားသည်သာဖြစ်ပါသည်။ မိမိ၏ အားကြီးသော လောဘ-ဒေါသ-ဥပါဒါန် ဆုပ်ကိုင်မှုများက ဆွဲချထားသဖြင့် အမှန်တရားသည် မြင့်နေသည်။ နားလည်ရန် ခက်ခဲသည် ဟု ထင်မှတ်ရလေသည်။ ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ ကို “တစ်ချိန်မှာတစ်စိတ် သာ ဖြစ်ခွင့်ရှိသော အမှန်တရား“ (အပိုင်း ၁၀) ကို ဖော်ပြရင်း အဆုံးသတ်လိုက်ပါသည်။

တစ်ချိန်မှာတစ်စိတ် သာ ဖြစ်ခွင့်ရှိသော အမှန်တရား (သို့) ရှေ့စိတ်မရှိတော့မှသာ နောက်စိတ်ပေါ်ခွင့်ရှိသော အမှန်တရား

၁) သောကစိတ်၊ လောဘစိတ်၊ ဒေါသစိတ်တွကို အရှိ-အဟုတ်ထင်ကာ ….ခံစားနေမှု-သိနေမှုအစား “တစ်ချိန် မှာ တစ်စိတ်သာ ဖြစ်ခွင့် ရှိသော အမှန် တရား” (သို့) “ရှေ့စိတ်မရှိတော့မှ နောက်စိတ်ပေါ်ခွင့်ရှိသောအမှန်တရား” ကို ဆင်ခြင် နှလုံးသွင်းခြင်း အားဖြင့် မိမိ သတိထား မိ နေသော သောကစိတ်၊ လောဘစိတ်၊ ဒေါသစိတ်များဟူသည် အမှန်တကယ်တော့ “ရှေ့က ချုပ်ပျောက်ပြီး နှင့်သော မရှိတော့သည့် စိတ်များကို” အရှိလုပ် – ပုံဖော် – အသက်သွင်းထားမှု သက်သက် သာဖြစ်ကြောင်း ယုံကြည်လက်ခံ နှလုံးသွင်းပါ။

၂) သတိထားသောစိတ်ဖြစ်ပါက (နောက်မှရှုသောစိတ်) ဖြစ်ပေါ်ပါက “ ရှေ့စိတ် (အရှုခံစိတ်များမှာ) မရှိတော့“ ဟူသော အမှန်တရားကို ယုံကြည် နားလည်လျှက် မိမိ သတိထားမိနေသော စိတ်ဟူသမျှသည် “အမှန်တကယ်တော့ ရှေ့က ချုပ်ပျောက်ပြီးဖြစ်သည့် မရှိတော့သည့်စိတ်´´ကို ပြန်လည် အသက်သွင်း ပုံဖော်-ဖန်တီးလှည့်စားထားမှု သက်သက် သာ ဖြစ်ကြောင်း သတိရ ယုံကြည် လက်ခံ နှလုံးသွင်းပါ။

၃) “အရှုခံ-ရှေ့စိတ်” မရှိတော့မှသာ “အရှုဉာဏ်-နောက်စိတ်” က ဖြစ်ခွင့်ရှိသော အမှန်တရား ကို နားလည်လက်ခံလျှက် …
မိမိ သတိထားမိနေသော တွေးကြံစိတ်၊ သောကစိတ်၊ လောဘစိတ်၊ ဒေါသစိတ်၊ ခံစားချက်၊ ဝေဒနာ တို့၏ ဖြစ်ခြင်း-ပျက်ခြင်းဟူသည် အမှန်တကယ်တော့ – “ချုပ်ပျောက်ပြီးဖြစ် သည့် မရှိတော့သည့် ရှေ့စိတ်၏ချုပ် ပျောက်ပြီးမှု အရှိန်များကို အရှိလုပ် ပုံဖော်အသက်သွင်း-ဖန်တီး-လှည့်စားမှုကြောင့်သာ“…. တကယ်ဖြစ်နေ သယောင် ထင်မှတ်နေရသော ပညတ်တရား များသာ“ ဖြစ်ကြောင်း ယုံကြည်လက်ခံ နှလုံးသွင်းပါ။

“ရှေ့ စိတ်ဖြစ်သည်ကို နောက်စိတ်က သတိထားနေမိသည်” ဟု နားလည်မှုအစား “ရှေ့ စိတ်မရှိတော့မှ နောက်စိတ်က သိခွင့်-ဖြစ်ခွင့်ရသည် ဟူသောအမှန်တရားကို ဆင်ခြင်နှလုံးသွင်းလျှက် မိမိသတိထားမိနေသော ရှေ့စိတ်များသည် ပညတ်စိတ်များ စိတ်အတုများသာဖြစ်ကြောင်း နားလည် လက်ခံကာ ဖြစ်ပေါ်နေသော စိတ်များအပေါ် ငြိတွယ်-ဆုပ်ကိုင်-အဟုတ်ထင်နေမှု ကို စွန့်လွှတ်ပါ။

´´မရှိတော့တဲ့စိတ်တွေ ၊ ဝေဒနာတွေ၊ ရုပ်တွေကို အရှိလုပ် ပုံဖော် ဖန်တီး ပြုလုပ်မှုတွေပဲ တကယ် ဖြစ်ပြီး တကယ်ပျက်နေတာပါ။“

(ရှေ့စိတ်များရဲ့) မရှိတော့တဲ့ ချုပ်ပျောက်မှု အရှိန်ကို အရှိယူပြီး “ မြင်တယ်၊ ကြားတယ်၊ နံတယ်၊ တွေးတယ် ကြံတယ်၊ နာတယ်၊ ကိုက်တယ်၊ ပူတယ်၊ အေးတယ်၊ တွေးတယ်၊ ခံစားတယ် ´´ စသည်ဖြင့် ထင်မှတ်ရအောင် အသက်သွင်း၊ ပုံဖော် ဖန်တီး ပြုလုပ်မှုတွေပဲ တကယ် ဖြစ်ပြီး တကယ်ပျက်နေတာပါ။

ဘာပဲသိနေ-ခံစားနေ-တွေးတောနေပါစေ … “မရှိတော့တဲ့ ချုပ်ပျောက်မှုအရှိန်ကို အရှိယူပြီး´´ … သိနေ-ခံစားနေ-တွေးတောနေတာပါပဲ။

“တစ်ချိန်မှာ တစ်စိတ်သာဖြစ်ခွင့်ရှိခြင်း အမှန်တရားကြောင့် ´´ ရှေ့စိတ် ချုပ်ပျောက် ပြီးတော့ မှ မရှိတော့မှ နောက်စိတ်ပေါ်ခွင့်ရှိပါသည်။

အဲဒါကြောင့် ဘာပဲသိသိ မရှိတော့မှ သိခွင့်ရှိတဲ့သဘောပါ။

ဘာပဲ ခံစား-ခံစား ရှေ့စိတ်တွေ မရှိတော့မှ ခံစားနေတဲ့သဘောပါ။

မရှိတော့တာတွေကို အရှိလုပ်- ပုံဖော်-အသက်သွင်း-ဖန်တီးပြုလုပ်မှုတွေ ပဲ ဖြစ်ပေါ် ပျက်စီးနေတာပါ။

…… မရှိတော့တာတွေကို အရှိလုပ်- ပုံဖော်-အသက်သွင်း ရင်း ဖောက်ပြန်ပျက်စီးနေတာပါ။

ဖောက်ပြန်ပျက်စီးရင်း မရှိတာကို အရှိလုပ် ပုံဖော်-အသက်သွင်း-ဖန်တီးလှည့်စားနေတာပါ။

“မရှိတော့တာကို အရှိလုပ် ပုံဖော်-အသက်သွင်းနေ တဲ့ ဖောက်ပြန် ပျက်စီးမှုတွေပဲ“ တကယ်ဖြစ်နေတာပါ။

-ပူမှု-အေးမှု-ကောင်းမှု-ဆိုးမှု-ခံစားမှု-တွေးကြံမှုတွေ က ဖောက်ပြန်ပျက်စီးနေတယ် လို့ နားလည်မှုအစား…..
….. ပူမှု-အေးမှု-ကောင်းမှု-ဆိုးမှု-ခံစားမှု-တွေးကြံမှု ဆိုတာ တကယ်တော့ ……“မရှိတော့တဲ့ ချုပ်ပျောက်ပြီးသွားတဲ့ ရှေ့-နာမ်ခန္ဓာများ၏ ချုပ်ပျောက်ပြီးသွားသည့် မရှိတော့သည့် အရှိန်များကို အရှိလုပ်- ပုံဖော်အသက်သွင်းမှုတွေကြောင့်“ တကယ်ဖြစ်နေသယောင် ထင်မှတ် ရကြောင်း နားလည်လက်ခံပါ။

မရှိတော့တဲ့ ရှေ့ – နာမ်ခန္ဓာများ၏ ချုပ်ပျောက်ပြီးဖြစ်သည့် အရှိန်များကို အရှိလုပ်- ပုံဖော်အသက်သွင်းမှုတွေပဲ တကယ်ဖြစ်နေ – ပျက်နေတာပါ။

နိရောဓ သစ္စာသည်သာ တစ်ခုတည်းသော အရှိတရား

အဆိုပါ မရှိတော့သည့် ရှေ့နာမ်ခန္ဓာရဲ့ “ချုပ်ပျောက်ပြီးသွားသည့် အရှိန်များကို အရှိလုပ်- ပုံဖော်အသက်သွင်းနေသော စွမ်းရည်သတ္တိရှိ သည့် ဖောက်ပြန်ပျက်စီးမှု ဒုက္ခသစ္စာတရား“ သည် လည်း တကယ်တော့ နဂို အရှိတရား-တည်မြဲနေတဲ့တရားမဟုတ်ဘဲ …….

အတိတ်က မရှိတာကို အရှိထင်အောင် ပုံဖော်အသက်သွင်းခဲ့မှုများအပေါ် (သို့) မရှိတော့သည့် ချုပ်ပျောက်ပြီးဖြစ် သည့် ရှေ့နာမ်ခန္ဓာများ ၏အရှိန်များကို အရှိလုပ် ပုံဖော် အသက်သွင်းကာ “ငါပဲ၊ သူပဲ၊ စိတ်ပဲ၊ ဝေဒနာပဲဟူ၍ အထင်မှားအောင် ဖန်တီးပြုလုပ်နေ သည့် ဖောက်ပြန်ပျက်စီးများမှု“ တို့ အပေါ် အတိတ်က အတည်ယူ-အဟုတ်ထင်- အဓိကထားခဲ့မှုအကြောင်းတရားကြာင့် …

. ယခုပစ္စပ္ပါန်တွင် ချုပ်ပျောက်ပြီးဖြစ်သော ရှေ့စိတ်များကို တကယ်ရှိနေသယောင်-ဖြစ်နေသယောင် “မရှိတာကို အရှိလုပ်- ပုံဖော်အသက် သွင်းနေသည့် ဖောက်ပြန်ပျက်စီးမှုများ“ … အကျိုးတရားအနေနဲ့ ဖြစ်ပေါ်လာနေရပေသည်။

အတိတ်က အဟုတ်ထင်-အတည်ယူ-ဆုပ်ကိုင်မှု (အကြောင်းတရား) ကြောင့်သာ…… ….. ဖြစ်ပေါ်နေရတဲ့ အကျိုးတရား (“မရှိတာကို အရှိလုပ် နေသည့် ဖောက်ပြန်ပျက်စီး မှုများ“) ဖြစ်သောကြာင့် နဂိုတည်းကရှိနေသော – နဂို အရှိတရားတော့ မဟုတ်ပေ။

မေတ္တာဖြင့် –

စိုးဝင်းထွဋ်

ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ (အပိုင်း ၉)

ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ (အပိုင်း ၉)            

ကွာခြားမှု

၁) ပူမှု-အေးမှု၊ နာမှု-မနာမှု၊ ချမ်းသာမှု-ဆင်းရဲမှု၊ စိတ်ပျံလွင့်မှု၊ စိတ်မပျံလွင့်မှု စသည့် အချိန်နှင့်အမျှ ပြောင်းလဲဖောက်ပြန်နေသော သတ်မှတ်ချက်တွေကို
အတည်ယူ အဟုတ်ထင် အဓိကထားနေခြင်း နှင့်…..
အဆိုပါ သတ်မှတ်ချက်တွေအပေါ် အတည်ယူ – အဟုတ်ထင် – အဓိကထား နေမှု ကို စွန့်လွှတ်နေခြင်း တို့ လွန်စွာကွာခြားလေသည်။

၂) မိမိ နားလည်မှု၊ ခံစားမှု၊ သိမှု တို့ကို အတည်ယူ အဟုတ်ထင် အဓိကထားနေမှု နှင့် …..
““တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှု”” (အ၀ိဇ္ဇာ-သင်္ခါရ) မှ မိမိသိနားလည်မှု၊ ခံစားမှု၊ တို့ကို တကယ်ရှိနေ-မြဲနေသယောင် “ပုံဖော် အသက် သွင်း လှည့်စား ပြုလုပ်မှုများပဲ” တကယ်ဖြစ်နေ-ပျက်နေခြင်း အမှန်တရား ကို …. မမေ့ခြင်း အဓိကထားခြင်းအားဖြင့်
မိမိ သိနားလည်မှု၊ ခံစားမှုတို့အပေါ် အဓိကထားနေမှုကို စွန့်လွှတ်နေခြင်း တို့ လွန်စွာကွာခြားလေသည်။

၃) တွေ့ကြုံသမျှ-ဖြစ်ပျက်သမျှတို့အပေါ် အတည်ယူ အဟုတ်ထင် အဓိကထား နေမှု နှင့်…..
အဆိုပါ တွေ့ကြုံသမျှ- ဖြစ်-ပျက်သမျှတို့အပေါ် “အတည်ယူ – အဟုတ်ထင် – အဓိကထားနေအောင် …
ပုံဖော်-အသက်သွင်း – လှည့်စား ဖန်တီးနေမှု (အ၀ိဇ္ဇာ – သင်္ခါရ) ပဲ တကယ် ဖြစ်နေ-ပျက်နေခြင်း” အမှန်တရားကို ယုံကြည် နှလုံးသွင်းလျှက် –
အဆိုပါ ပုံဖော်-အသက်သွင်း-လှည့်စား-ဖန်တီးနေမှု (အ၀ိဇ္ဇာ – သင်္ခါရ) တို့အပေါ်
အတည်ယူ-ဆုပ်ကိုင်-အဓိကထားနေမှု ကို စွန့်လွှတ်နေခြင်း တို့ လွန်စွာကွာခြားလေသည်။

———————————————————————————————————————————————
“ရုပ်” ဟူသည် မသိတတ်သောသဘော ဖြစ်ပြီး “ပူတယ်-အေးတယ်-နာတယ်-ကိုက်တယ်“ ဟု မည်သည့်အခါမှ မပြောပေ။ အ၀ိဇ္ဇာ – သင်္ခါရ ၏ ပုံဖော်- အသက်သွင်း – လှည့်စား ဖန်တီးပြုလုပ်နေမှုကြောင့်သာ ပူတယ်-အေးတယ်-နာတယ်-ကိုက်တယ် ဟူ၍ ထင်မှတ်မှားရလေသည်။
———————————————————————————————————————————————–

မေတ္တာဖြင့် –

စိုးဝင်းထွဋ်

ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ (အပိုင်း ၈)

Jan 13, ’12 9:21 AM

ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ (အပိုင်း ၈)  

ဖြစ်ပေါ်လာသော လောဘစိတ်၊ ဒေါသစိတ်၊ အတွေးစိတ်၊
ခံစားမှု ၊ တို့ကို တိုက်ရိုက် ပယ်ဖို့ (သို့) တွယ်ဖို့ မကြိုးစားပါနဲ့ ။

“တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား“ ဟူသော စကားကို ကျွန်ုပ်တို့ ကြားဖူးကြပါသည်။
နွေရာသီ အပူချိန်ပြင်းချိန်တွင် မြေပြန့်နေရာတချို့တွင် တံလျှပ်များ ဖြစ်ပေါ်လေ့ရှိပါသည်။
အဆိုပါ တံလျှပ်များကို ခပ်လှမ်းလှမ်းမှ ကြည့်ရှုပါက ရေအိုင်ငယ်လေးများဟု ထင်မှတ်ရပါသည်။

တံလျှပ်မှ ရေအိုင်များ အသွင် ဖန်ဆင်းထားမှုတွင် တစ်ဦးဦးသည်….
အဆိုပါ တကယ်မရှိသော ရေများကို အရှိ-အဟုတ်ထင်မှတ်လျှက်
သောက်လိုနေခြင်း (သို့) ဖယ်ရှားလိုခြင်း (သို့) တွယ်တာနေခြင်းသည်
အချည်းနှီးသဘော-မှားယွင်းသောသဘောဖြစ်လေသည်။

ထို့အတူ တကယ်ရှိနေ-ဖြစ်မနေသော ပညတ် ရုပ်၊ ဝေဒနာ၊ အတွေးစိတ် စသည်တို့ကို
“တိုက်ရိုက်ပယ်ခြင်း (သို့) ငြိတွယ်နေခြင်း” တို့သည်
”တကယ်မရှိတာကို အရှိလုပ်နေခြင်း၊ တကယ်မဟုတ်တာကို အဟုတ်လုပ်နေခြင်း”
သာ ဖြစ်လေ သည်။

ထို့ကြောင့် –
၁။ ထင်ရှားသော ရုပ်(ပူမှု-အေးမှု၊ တောင့်မှု-တင်းမှု၊ နာမှု-ကိုက်မှု) တစ်ခုခု တို့ကို
အတည်ယူ-အဟုတ်ထင်လျှက် တိုက်ရိုက် ပယ်ခြင်း (သို့) တွယ်ခြင်း မပြုရပဲ။
အဆိုပါ ရုပ်(ပူမှု-အေးမှု၊ တောင့်မှု-တင်းမှု၊ နာမှု-ကိုက်မှု) တို့နှင့်အတူ
တွဲလျှက်ဖြစ်ပေါ်နေသော (စိတ်ထဲမှ)
“အတည်ယူ-အဟုတ်ထင်-အဓိကထားနေမှု (မောဟ)” ကိုသာ စွန့်လွှတ်ရန် ဖြစ်ပါသည်။
၂။ ပစ္စုပ္ပါန်ဖြစ်ပေါ်လာသော လောဘစိတ်၊ ဒေါသစိတ်၊ အတွေးစိတ် တို့ကို
အတည်ယူ-အဟုတ်ထင်လျှက် တိုက်ရိုက်ပယ်ခြင်း (သို့) တွယ်ခြင်း မပြုရပဲ။
အဆိုပါစိတ်များနှင့်အတူ တွဲလျှက်ဖြစ်ပေါ်နေသော “အဟုတ်ထင်-အဓိက ထားနေမှု” ကို သာ စွန့်လွှတ်ဖို့ လိုပါသည်။
ဖြစ်ပေါ်လာသော ရုပ်၊ ဝေဒနာ၊ စိတ် တို့အပေါ် ဥပေက္ခာသဘောထား ဖြစ်ပေါ်လာစေရန် ဖြစ်ပါသည်။

(မှတ်ချက်။ အ၀ိဇ္ဇာစိတ်သည် ဗဟိဒ္ဓ ဖြစ်စေ-အဇ္ဈတ္တဖြစ်စေ
တစ်ခုခုကို အဓိက ထားနေလေသည်။
ပစ္စုပ္ပါန်ဖြစ်ပေါ်လာသောစိတ်တို့နှင့် အတူ အဆိုပါ စိတ်များ အပေါ်
“အဟုတ်ထင် – အဓိကထားနေမှု“ တွဲလျှက် ဖြစ်ပေါ်နေပါသည်။)

မေတ္တာဖြင့် –

စိုးဝင်းထွဋ်

ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ (အပိုင်း ၇)

Jan 12, ’12 9:11 AM

ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ (အပိုင်း ၇)     

အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်သောကြောင့်
(စိတ်ထဲ) အဟုတ်ထင်-အဓိကထားနေမှုကို စွန့် ရ တာ ပါ။

 ရုပ်-စိတ်-ဝေဒနာ ဟူသမျှ တို့သည် အနိစ္စ-ဒုက္ခ-အနတ္တတရား ဖြစ်သော ကြောင့်
အတည်ယူလို့မရ၊ ဆုပ်ကိုင်လို့မရ ၊ အဟုတ်ထင်လို့မရပါ ။

ထို့ကြောင့် ရုပ်-စိတ်-ဝေဒနာ တို့ကိုလည်းကောင်း၊ လောကီသတ်မှတ်ချက်များကို လည်းကောင်း
အဟုတ်ထင်-ငြိတွယ်-အဓိကထားနေမှု ကို စွန့်လွှတ်တတ်ဖို့ လိုအပ်ပါသည်။

– ရောဂါဖြစ်မှု – မဖြစ်မှု ၊ နာမှု – မနာမှု ၊ ဝေဒနာဖြစ်မှု – မဖြစ်မှု ၊
စိတ်ပျံလွင့်မှု – မပျံလွင့်မှု၊ ဆင်းရဲမှု – ချမ်းသာမှု စသည့် ဖြစ်ခြင်း-မဖြစ်ခြင်း အကျိုးတရား တို့သည် လည်းကောင်း၊

– ဟိုလိုလုပ်မှ ၊ ဒီလိုလုပ်မှ ဆိုတဲ့ ပြုလုပ်ခြင်း-မပြုလုပ်ခြင်း အကြောင်းတရား တို့သည်လည်းကောင်း၊
အဆိုပါ အကြောင်း အကျိုးတရားတို့အပေါ် နားလည်မှု-နားမလည်မှု တို့သည် လည်းကောင်း .

”ဖြစ်ပြီး ပျက်နေသော သင်္ခါရတရား” ဖြစ်သဖြင့် အတည်ယူလို့မရ၊ ဆုပ်ကိုင်လို့မရ ၊ အဟုတ်ထင်လို့မရပါ ။

ထို့ကြောင့် မိမိနားလည်နေတဲ့ –
၁) အကျိုးတရားများဖြစ်သည့် ဖြစ်မှု-မဖြစ်မှု (သို့) ဖြစ်ချင်မှု – မဖြစ်ချင်မှု ၊
ပျက်စီးမှု – မပျက်စီးမှု (သို့) ပျက်စေချင်မှု – မပျက်စေချင်မှု ၊

၂) အကြောင်းတရားများဖြစ်သည့် ပြုလုပ်မှု-မပြုလုပ်မှု (သို့) ပြုလုပ်ချင်မှု – မပြုလုပ်ချင်မှု၊

၃) အထက်ပါ အကြောင်းအကျိုးများနဲ့ပတ်သက်ပြီး နားလည်မှု-နားမလည်မှု (သို့)
နားလည်ချင်မှု- နားမလည်ချင်မှု တို့သည်လည်း

မမြဲသော-သင်္ခါရတရား သာဖြစ်သဖြင့်…
အဆိုပါ မမြဲသော အကြောင်းအကျိုး-သင်္ခါရတရားတို့အပေါ်
(စိတ်ထဲ) “အတည်ယူ အဟုတ်ထင် အဓိကထားနေမှု”
ကို စွန့်လွှတ်ဖို့ လိုအပ်ပါသည်။

ထို့ကြောင့် အဆိုပါ အကြောင်းအကျိုးတရားတို့အပေါ်
တစ်ခုပြီးတစ်ခု …ဟိုဟာပြီး ဒီဟာ… ဒီဟာပြီး ဟိုဟာ
မဆုံးနိုင်အောင် (စိတ်ထဲ) အဓိကထားနေမှု ကို စွန့်လွှတ်နေခြင်းအားဖြင့်
အကြောင်းအကျိုးတရားတို့အပေါ် ပယ်ခြင်း-တွယ်ခြင်းမပြုဘဲ (လောဘ-ဒေါသ မဖြစ်ပဲ)

မေတ္တာဖြင့် –

စိုးဝင်းထွဋ်

What we will get does not depend on others
but our acceptance with open-mind &
abandonment power of mental clinging.

သုံးရုံသက်သက်-တွေ့ ကြုံရုံသက်သက် တွေ့ ကြုံတတ်စေဖို့ ဖြစ်ပါသည်။

ဥပေက္ခာသဘောထား ဖြစ်ပေါ်နိုင်စေဖို့ သာ အဓိကထားပါ။

ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ (အပိုင်း ၆)

Jan 6, ’12 1:38 AM

ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ (အပိုင်း ၆)               

အခက်အခဲ၊ ပြဿနာတွေဟာ
စွန့်လွှတ်ခြင်းဘာဝနာမယပညာ အတွက် အ သုံး ချ ဖို့ ပါ။

ကျွန်ပ်တို့တတွေ ရောဂါဝေဒနာ-အခက်အခဲ-ပြဿနာများ စသည်တို့ ဖြစ်လာသောအခါ စိတ်မပျက်ဘဲ
ထို အခက်အခဲ-ပြဿနာများ-ရောဂါဝေဒနာကို တွေဟာ …
မိမိကို အသိဉာဏ် နှင့် စိတ်ဓါတ်ပိုင်းကို ရင့်ကျင့်အောင် လေးနက်အောင် လုပ်ဖို့ အကြောင်း ဖန်လာတာပဲလို့ နားလည်ပါ။
လေးနက်သော အသိဉာဏ်များ များရဖို့ အသုံးချစရာ ဝေဒနာတွေ ဖြစ်ပေါ်လာတယ်လို့ နားလည်ပါ။

တခါတရံ မကောင်းကျိုးဟု မိမိထင်သော အရာတွေဟာ ကောင်းကျိုး များဖြစ်ပေါ်ဖို့ရန်
အကြောင်းတရားများ ဖြစ်နေတတ်သည်ကို သတိပြုဖို့ လိုပေသည်။

ဝိပဿနာ ဆရာကြီး အက်စ်အင်ဂိုအင်ကာ ၏ ပြင်းထန်သော ခေါင်းကိုက်ဝေဒနာသည်
ဆရာကြီး-၀ိပဿနာတရား အားထုတ်ဖြစ်ဖို့ အကြောင်း နှင့် တရားနားလည်ဖို့
အတွက်အကြောင်းတစ်ခု-ဖြစ်နေသည်ကို နားလည်ဖို့လိုပါသည်။

————————————————————————————–
မကောင်းကျိုးဟု ထင်ရသောအရာ များသည်ပင်လျှင် အသုံးချတတ်ပါက

ကောင်းကျိုးများ ဖြစ်ပေါ်ဖို့ရာ အကြောင်းတရား များဖြစ်နေသည်ကို သတိပြုရပေမည်။
——————————————————————————————–

၁) အခက်အခဲ၊ ပြဿနာတွေကို စွန့်လွှတ်စရာအဖြစ် အသုံးချရပါမယ်။
အခက်အခဲ၊ ပြဿနာတွေကို စွန့်လွှတ်ခြင်းဘာဝနာမယပညာ လေ့ကျင့်ဖို့အတွက် အသုံးချရပါမယ်။
ဆိုလိုတာကတော့ အခက်အခဲ၊ ပြဿနာအပေါ် “အဟုတ်ထင် အဓိကထားနေမှု ကို စွန့်လွှတ်တတ်ဖို့” အခက်အခဲ-ပြဿနာတွေကို အသုံးချရပါမယ်။

၂) စိတ်တွေ- ဝေဒနာတွေ- ခံစားချက်တွေကို စွန့်လွှတ်စရာအဖြစ် အသုံးချရပါမယ်။
ဆိုလိုတာကတော့ စိတ်တွေ- ဝေဒနာတွေ- ခံစားချက်တွေအပေါ် “အဟုတ်ထင် အဓိကထားနေမှု ကို စွန့်လွှတ်တတ်ဖို့”
…စိတ်တွေ၊ ဝေဒနာတွေ၊ ခံစားချက်တွေကို အသုံးချရပါမည်။

၃) ပစ္စုပ္ပါန် ဖြစ်ပေါ်နေသောစိတ်နှင့်အတူ အဆိုပါစိတ်အပေါ် “အဟုတ်ထင်-အဓိကထားနေမှု (အစွဲ)”
တပါတည်းတွဲလျှက် ဖြစ်ပေါ်နေသည်။
– … ဖြစ်ပေါ်နေသောစိတ် ကို တိုက်ရိုက် မကိုင်တွယ်ရဘဲ (တိုက်ရိုက်ပယ်ခြင်း – တွယ်ခြင်းမပြုရဘဲ) ၊
ပစ္စုပ္ပါန် ဖြစ်ပေါ်နေသော စိတ်နှင့်အတူ တပါတည်းတွဲလျှက် ဖြစ်ပေါ်နေသော နောက်ကွယ်မှ
“အဟုတ်ထင်-အဓိကထားနေမှု (အစွဲ)” ကိုသာ ဖြုတ်ရ – စွန့်ရပေမည်။

ပစ္စုပ္ပါန် ဖြစ်ပေါ်လာတဲ့ ““အခက်အခဲ ၊ ပြဿနာ၊ အနှောက်အယှက် ”” တွေကို
တရားနဲ့ (စွန့်လွှတ်ခြင်းပညာဖြင့်) ဖြေရှင်းမှသာ တရားနားလည်နိုင်မှုကို ကျေးဇူး ပြုပါသည်။

– … အခက်အခဲ – ပြဿနာတွေ အနှောက်အယှက်တွေကို သူလိုငါလို လောဘ-ဒေါသ နည်းလမ်းစုံဖြင့်
ဖြေရှင်းနေသူအတွက် တရားစစ်ကို နားလည်နိုင်မည်မဟုတ်ပေ။

အခက်အခဲ ပြဿနာများကို
“စွန့်လွှတ်စရာအဖြစ် အသုံးချတတ်ပါမှ” ၊
“စွန့်လွှတ်ခြင်းဘာဝနာမယပညာ သိနားလည်ဖို့အတွက်”
အသုံးချတတ်ပါမှ
တရားနားလည်ဖို့ ကျေးဇူးပြုပါမည်။

´´အကောင်း-အဆိုးဟူသမျှသည် စွန့်လွှတ်ခြင်းဘာဝနာမယပညာ
သိနားလည်ဖို့အတွက်
အသုံးချဖို့အတွက်သာ ဖြစ်သည်ဆိုသည်
ကို မမေ့ရန် သတိရနေရန် အထူးလိုအပ်ပါသည်။“

 

မေတ္တာဖြင့် –

စိုးဝင်းထွဋ်

ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ (အပိုင်း ၅)

Jan 3, ’12 4:38 AM

ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ (အပိုင်း ၅)   

အကြောင်း-အကျိုး ၊ အကောင်း-အဆိုးတွေအပေါ်
စိတ်ထဲ အဟုတ်ထင်-ငြိတွယ်-အဓိကထားနေမှုကို
စွန့်လွှတ်နေတာ တရားအလုပ်ပါ။

(ကျွန်ုပ်နားလည်မိသမျှ ၂၀၁၁ – တရားနှလုံးသွင်းပုံ မှတ်စုများ – အပိုင်း ၅)

 ၁) ကိုယ်-နှုတ်-စိတ် (ကာယ-၀စီ-မနော ဖြစ်မှု-မဖြစ်မှု) အ ကျိုး တ ရား များ။
၂) ကာယကံ-၀စီကံ-မနောကံ (လုပ်မှု – မလုပ်မှု) အ ကြောင်း တ ရား များ။
၃) အဆိုပါ အကြောင်း-အကျိုးတရားများနှင့် ပတ်သက်ပြီး နားလည်မှု -နားမလည်မှု စသည် တို့ နှင့်အတူ

နောက်ကွယ်မှ ဖြစ်ပေါ်လာနေသော..
…..အဟုတ်ထင်မှု – တကယ်ထင်မှု ၊
……အတည်ယူမှု – ဆုပ်ကိုင်မှု ၊
……ငြိတွယ်မှု – ငဲ့ကွက်မှု – ထည့်တွက်မှု – အရေးထားမှု၊
……အဓိကထားနေမှု ကို စွန့်လွှတ်နေတာ ……တရားအလုပ်ပါ။

““ပူမှု-အေးမှု၊ တင်းမှု-လျော့မှု၊ နှစ်သက်မှု-မနှစ်သက်မှု၊ ဆင်းရဲမှု- ချမ်းသာမှု၊ အကောင်း-အဆိုး၊ နာမှု-မနာမှု၊ စိတ်ပျံလွင့်မှု-မလွင့်မှု”” စသည့် ဆန့်ကျင်ဘက် သဘော-သဘောဝများသည် တကယ့်အရှိ-တကယ့်အဖြစ် မဟုတ်ဘဲ – တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှု (အ၀ိဇ္ဇာ-သင်္ခါရ) ၏ လှည့်စား ပုံဖော်-အသက်သွင်းမှုကြောင့်သာ …တကယ်ဖြစ်နေသည်ဟု ထင်ရသော ပညတ်တရားများသာ ဖြစ်လေသည်။

“တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှု (အ၀ိဇ္ဇာ သင်္ခါရ) ၏ လှည့်စား ပုံဖော်အသက်သွင်းနေမှုများသာ တကယ်ဖြစ်နေ-ပျက်နေသည်ဟူသော အမှန်တရား” ကို . . .

မ မေ့ ခြင်း ဆင် ခြင် နေ ခြင်း အားဖြင့် ” – အဆိုပါပညတ်တရားများကို “တိုက်ရိုက် ပယ်ခြင်း-တွယ်ခြင်းမပြုဘဲ” အသုံးချရုံသက်သက်
အသုံးချ၍
ထို ပညတ်တရား များ
နှင့်အတူ တွဲလျှက် ဖြစ်ပေါ်နေသော နောက်ကွယ်မှ “အတည်ယူ-အဟုတ်ထင် အဓိကထားနေမှု” ကို သာ စွန့်လွှတ်ပါ။

မေတ္တာဖြင့် –

စိုးဝင်းထွဋ်

ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ (အပိုင်း ၄)

Dec 26, ’11 9:58 AM

ကျွန်ုပ်နားလည်မိသမျှ 2011 တရားနှလုံးသွင်းပုံ မှတ်စုများ (အပိုင်း ၄)

သမုဒယသစ္စာ၊ ဒုက္ခသစ္စာပဲ ဖြစ်နေတာကို “ငါ့သမုဒယ – ငါ့ဒုက္ခ´´ မလုပ်ပါနဲ့။

သစ္စာလေးပါး ကို ကျွန်ုပ်တို့ ငယ်စဉ်ကတည်းက သိကြပါသည်။
၁) ဒုက္ခသစ္စာ
၂) သမုဒယသစ္စာ
၃) နိရောဓသစ္စာ
၎) မဂ္ဂသစ္စာ ဟူ၍ ဖြစ်ပါသည်။

ကျွန်ုပ်တို့လက်ရှိနားလည်နေသော သစ္စာလေးပါးအဓိပ္ပါယ်သည် တစ်ခုခု၊ တစ်ယောက်၊ ပုဂ္ဂိုလ်၊ သတ္တ၀ါများ နှင့် ပတ်သက်နေသော သမုဒယ၊ ဒုက္ခ၊ နိရောဓ၊ မဂ္ဂ များသာဖြစ်လေသည်။ တနည်းအားဖြင့် ဒိဌိမပြုတ်သော တစ်ခုခု၊ တစ်ယောက်၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ ပါဝင်သော အမြင်များသာ ဖြစ်ပြီး၊ ထို တစ်ခုခု၊ တစ်ယောက်၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ အမြင်များထက် ကျော်လွန်သော သစ္စာလေးပါးအဓိပ္ပါယ်ကို ဥာဏ်မီသမျှ တင်ပြအပ်ပါသည်။

– ဒုက္ခသစ္စာ – တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှု ။ (အဖြစ်စစ်)
(မှတ်ရန်။ နာမှု၊ ကိုက်မှု၊ ပူမှု၊ အေးမှု၊ ရောဂါ-ဝေဒနာ-ပြဿနာ-စိတ်ညစ်စရာ စသည်တို့သည် တသမတ်တည်း ဖြစ်နေ-မြဲနေခြင်းမရှိသဖြင့်
သစ္စာထိုက်သော ဒုက္ခမဟုတ်၊ အဖြစ်စစ်မဟုတ်။ စိတ်မှ သတ်မှတ်ထားသော ပညတ်ဒုက္ခများသာဖြစ် လေသည်။)

– သမုဒယသစ္စာ – တစ်ခုခု၊ တစ်ယောက်ယောက်ဟု ထင်မှတ်ကာ အဟုတ်ထင်-ငြိတွယ်-အဓိကထားနေမှု။

နာမှု၊ ကိုက်မှု၊ ပူမှု၊ အေးမှု၊ ရောဂါ-ဝေဒနာ-ပြဿနာ-စသည့် ပညတ်ဒုက္ခများအပေါ် ကို အဟုတ်ထင်-ငြိတွယ်-အတည်ယူ-အဓိကထားနေအောင် ဖန်တီးလှည့်စားပြုလုပ်နေမှု။ (အလုပ်စစ်)

(မှတ်ရန်။ တသမတ်တည်းသော ဖောက်ပြန်ပျက်စီး မှု ဒုက္ခသစ္စာ မှ ပူမှု-အေးမှု၊ နာမှု-ကိုက်မှု စသည် ရုပ်၊ ဝေဒနာ၊ စိတ် တစ်ခုခု ကို အတည်ယူ အဟုတ်ထင် အဓိကထားနေအောင် ဖန်တီးလှည့်စားပြုလုပ်နေမှု။)

(အ၀ိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကံ ဖြစ်လေသည်။ )

– နိရောဓသစ္စာ – တသမတ်တည်းသော ထပ်တလဲလဲသော ဖောက်ပြန်ပျက်စီးမှုတို့ ချုပ်ငြိမ်းရာ- မပြောင်းမလဲ တသမတ်တည်းသော တည်မြဲမှု အရှိတရား။ အသင်္ခတဓါတ် တရား။ (အရှိစစ်)

– မဂ္ဂသစ္စာ – ရုပ်၊ ဝေဒနာ၊ စိတ်၊ (သင်္ခါရတရား)တို့ကို တိုက်ရိုက် ပယ်ခြင်း၊ တွယ်ခြင်း – မပြုဘဲ အဆိုပါ ရုပ်၊ ဝေဒနာ၊ စိတ် တို့အပေါ် အဟုတ်ထင်-ငြိတွယ်-အဓိကထားနေမှု (အစွဲ)ကို စွန့်လွှတ်နေခြင်း။ (အသိစစ်)

(မှတ်ရန်။ ရုပ်၊ ဝေဒနာ၊ စိတ် (သင်္ခါရတရား)တို့အပေါ် တွေ့ကြုံရုံသက်သက် ဥပေက္ခာထားနိုင်မှု ဖြစ်ပါသည်)။

ဖြစ်ပေါ်သမျှ ရုပ်၊ ဝေဒနာ၊ စိတ် တို့ အပေါ် … တကယ်ထင် အဟုတ်ထင်ကာ အဓိကထားနေအောင် ပုံဖော်-အသက်သွင်း ဖန်တီးပြုလုပ်နေမှု (အ၀ိဇ္ဇာ-သင်္ခါရ)ပဲ တကယ်ဖြစ်နေ-ပျက်နေခြင်း အမှန်တရား (၀ါ) သမုဒသသစ္စာ နှင့် ဒုက္ခသစ္စာပဲ ဖြစ်နေခြင်း ကို ယုံကြည် လက်ခံ နှလုံးသွင်းနေခြင်းအားဖြင့် – – –

လက်ရှိ သိနားလည်နေသော ခံစားနေရသော ရုပ်၊ ဝေဒနာ၊ စိတ် တို့၏ ဖြစ်ခြင်း-ပျက်ခြင်းအပေါ် အတည်ယူ – အဟုတ်ထင်- ငြိတွယ်- အဓိကထားနေမှု ကို စွန့်လွှတ်နေပါ။ သမုဒယသစ္စာ နဲ့ ဒုက္ခသစ္စာ ပဲ ဖြစ်နေတာ ကို ငါ့ဒုက္ခ ၊ ငါ့ သမုဒယ အဖြစ် မယူရန် – အထင်မမှားရန် ဖြစ်ပါသည်။

ထိုကဲ့သို့ ဖြစ်ပေါ်သမျှ ရုပ်၊ ဝေဒနာ၊ စိတ် တို့အပေါ် အဟုတ်ထင်-အဓိကထားနေမှု ကို စွန့်လွှတ်နေနိုင်ခြင်းသည်ပင်လျှင် မဂ္ဂသစ္စာထိုက်ပါသည်။

ဥပမာ – ခါးကိုက် ဝေဒနာဖြစ်သည်ဆိုပါစို့။ ခါးသည် မသိတတ်သော ရုပ်ဖြစ်သဖြင့် ကိုက်သည်-နာသည်ဟုမပြောပေ။ … သို့သော် အ၀ိဇ္ဇာ-သင်္ခါရတို့ မှ အရင် အခြေအနေနှင့် နှိုင်းယှဉ်ကာ ကိုက်သည်-နာသည်ဟု ထင်မှတ်အောင် ပုံဖော် အသက်သွင်း ဖန်တီးပြုလုပ်နေလေသည်။

ခါးကိုက်နေစဉ် အိပ်ဆေးတိုက်၍ အိပ်ပျော်သွားသော် ခါးမကိုက်တော့ပေ။…..

ခါးက ကိုက်ခြင်းမဟုတ်ဘဲ စိတ်ထဲမှ ကိုက်နေခြင်းဖြစ်ကြောင်း နားလည် လက်ခံပါ။

“အ၀ိဇ္ဇာစိတ်၏ ပုံဖော်-သတ်မှတ်-ဖန်တီးပြုလုပ်နေမှု သက်သက် သာ“ ဖြစ်ကြောင်း နားလည်လက်ခံပါ။

ထို့ကြောင့် နာသည်-ကိုက်သည်ဟု ထင်နေရသော ပညတ်ရုပ်ကို အာရုံထား ခြင်း၊ အဓိကထားခြင်းမပြုရဘဲ – အဆိုပါ ပညတ်ရုပ်-နာမှု-ကိုက်မှုကို “အဟုတ် ထင်အောင်-တကယ်ထင်အောင်-အဓိကထားအောင်“ ပုံဖော် အသက်သွင်း ဖန်တီး လှည့်စားနေမှု (အ၀ိဇ္ဇာ-သင်္ခါရ-သမုဒယသစ္စာ) ပဲ တကယ်ဖြစ်နေခြင်း အမှန်တရားကို ကိုသာ မမေ့ရန် – နှလုံးသွင်းဆင်ခြင်ရန် – အဓိက ထားရန် ဖြစ်ပါသည်။

(အ၀ိဇ္ဇာ-သင်္ခါရ-သမုဒယသစ္စာ သည် မနောဝိဥာဏဓါတ် မနော-ဘ၀င်တွင် ဖြစ်ပေါ်လျှက်ရှိနေပါသည်။ )

ပစ္စုပ္ပါန်ဖြစ်ပေါ်နေသော ရုပ်၊ စိတ်၊ ဝေဒနာတို့ ကို အဟုတ်ထင်အောင် တကယ် ထင်အောင် အဓိကထားအောင် ပုံဖော် အသက်သွင်း ဖန်တီး ပြုလုပ်နေမှု (အ၀ိဇ္ဇာ-သင်္ခါရ-သမုဒယသစ္စာ) ပဲ တကယ်ဖြစ်နေ-ပျက်နေခြင်း အမှန်တရားအပေါ် အဓိကထားနေမှု ကို ပါ နောက်ပိုင်းတွင် ထပ်မံ စွန့်လွှတ်ရမည် ဖြစ်ပါသည်။

မေတ္တာဖြင့် –

စိုးဝင်းထွဋ်

What we will get does not depend on others but
our attitude, acceptance with open-mind and
the range of non-grasping on created truths.

1 2 3