(တကယ်မဟုတ်သော)ပညတ် နှင့် (အစစ်အမှန်)ပရမတ် တို့ တန်းတူထား ရောထွေးမှုနှင့် ပတ်သက်၍ လယ်တီဆရာတော်ဘုရားကြီး ရှင်းလင်းဖြေကြားမှု

Jan 1, ’10 10:45 PM

(တကယ်မဟုတ်သော)ပညတ် နှင့် (အစစ်အမှန်)ပရမတ် တို့ တန်းတူထား ရောထွေးမှုနှင့် ပတ်သက်၍ လယ်တီဆရာတော်ဘုရားကြီး ရှင်းလင်းဖြေကြားမှု

သီဟိုဠ် ကိုလံဘိုမြို့မှ လယ်တီ ဆရာတော်ကြီးအား မေးမြန်းခဲ့ဖူးပြီး ဆရာတော်မှ ရှင်းလင်းစွာ ဖြေဆိုခဲ့ပြီးဖြစ်လေရာ (လယ်တီ နိုင်ငံခြား ပုစ္ဆာအမေးအဖြေ ပေါငးချုပ်စာအုပ်) ကို ကိုးကားလျှက် ဖော်ပြအပ်ပါသည် ။

* * * * *
၁၉၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက် နေ့စွဲပါ ကိုလံဘိုမြို့ ဗုဒ္ဓဘာသာသတင်း စာတွင် ပါလာသော မေးခွန်းပုစ္ဆာများကား-

၁။ ပုဂ္ဂိုလ်-သတ္တ၀ါ-ငါ-သူတစ်ပါး မဟုတ် (သို့) ပုဂ္ဂိုလ်-သတ္တ၀ါ-ငါ-သူတစ်ပါးဟူ၍ ခြားနားခြင်း မရှိလျှင် ဒုစရိုက် အတွက် မည်သို့ တာဝန်ရှိနိုင်ပါမည်နည်း။

၂။ ပုဂ္ဂိုလ်-သတ္တ၀ါ-ငါ-သူတစ်ပါး ဟုတ်သည်ဆိုလျှင် (သို့) ပုဂ္ဂိုလ်-သတ္တ၀ါ-ငါ-သူတစ်ပါး ဟူ၍ ခြားနားခြင်း ရှိလျှင် ၄င်းသဘော တရား သည် အနိစ္စသဘောတရားနှင့် ညိညွတ်ပါ၏လား။ (ပုဂ္ဂိုလ်/ သတ္တ၀ါ /ငါ /သူတပါး အဖြစ် အချိန်တစ်ခုကြာအောင် တောက်လျှောက်ရှိနေသည်ဆိုပါက အနိစ္စတရား (တရစပ်ပျက်စီးနေမှု) နှင့် ကိုက်ညီပါသလော။)

* * * * *
ဆရာတော်ကြီး၏ ထိုမေးခွန်းနှစ်ခု၏အဖြေကို နားလည်နိုင်ရန် …..

ရှေးဦးစွာ ဗုဒ္ဓတရားတော်ကို ခွဲခြမ်းလေ့လာရာတွင် ဒေသနာ(၂)မျိုး (သို့) သာသနာ (၃)မျိုးဟူ၍ ရှိကြောင်း နားလည်ရပေမည်။

ဒေသနာ(၂)မျိုးတွင်
၁)ဝေါဟာရဒေသနာ (သမုတိသစ္စာ)
၂)ပရမတ္ထဒေသနာ (ပရမတ္ထသစ္စာ) ဟူ၍ နှစ်မျိုးရှိ၏။

အကျယ်ပြော ရမယ်ဆိုရင်-
၁။ ဝေါဟာရ(ပညတ်)ဒေသနာဆိုသည်ကား- လောက၌ ပုဂ္ဂိုလ် ရှိသည်။ သတ္တ၀ါ ရှိသည်။ အတ္တ ရှိသည်။ ဇီဝ ရှိသည်။ အတိတ်၊ ပစ္စပ္ပါန်၊ အနာဂတ် ဘ၀ရှိသည်။ အသက် ရှိသည်။ ငါ ရှိသည်။ သူ ရှိသည်။ ယောက်ျား-မိန်းမ ရှိသည်ဟု လောကီဘုံသား လူအများ တို့ ထင်မှတ် ပြောဆို ကြသော စကားမျိုးသည် ဝေါဟာရ (ပညတ်) မည်၏။

ထိုဝေါဟာရ (ပညတ်) ရှိကြသည့်အတိုင်း ဟောတော်မူသော ၀ိနည်း – ဒေသနာ သုတ္တန် ဒေသနာတော် များသည် ဝေါဟာရ(ပညတ်) ဒေသနာ မည်၏။
(သမုတ်တိ သစ္စာတရား – တကယ် မဟုတ် သော မုသားမဖြစ်ရုံမှန်ကန်သော အမှန်တရား ဖြစ်လေသည်)

၂။ ပရမတ္ထဒေသနာဆိုသည်ကား- လောက၌ ပုဂ္ဂိုလ် ဟူ၍မရှိ။ သတ္တ၀ါ ဟူ၍မရှိ။ အတ္တဟူ၍မရှိ။ ဇီဝ ဟူ၍မရှိ။ အသက်-၀ိညာဉ်-လိပ်ပြာ ဟူ၍မရှိ။ ငါ ဟူ၍မရှိ။ သူတပါး ဟူ၍မရှိ။ ယောက်ျား-မိန်းမ -တစ်ဦးဦး-တစ်ယောက်ယောက်- တစ်ခုခုဟူ၍မရှိ။
အသစ်အသစ် အစားထိုး ပြောင်းလဲသွားနေသော စွမ်းအင်ရုပ်ဓါတ်များအစု (မသိတတ်သော-မခံစားတတ် သောသဘောများအစု) နှင့် နာမ်ဓါတ်များ အစု (သိတတ်-ခံစားတတ်-မှတ်သားတတ်သောသဘောများအစု) ဟူ၍သာ အမှန် တကယ် ရှိသည် ဟု ဟောတော်မူသော အဘိဓိဓမ္မာဒေသနာတော် သည် ပရမတ္ထ ဒေသနာ မည်၏ ( ပရမတ္ထ သစ္စာ – တရစပ်ပျက်စီးနေသောသဘော နှင့် အမှန်တကယ် ရှိနေသော– အမှန်တရား ဖြစ်လေသည်)

ထို့အတူ သာသနာ(၃)မျိုးတွင် ——
၁)အဓိသီလသာသနာ
၂)အဓိစိတ္တသာသနာ
၃)အဓိပညာသာသနာ ဟူ၍ သုံးမျိုးရှိ၏။

၁) အဓိသီလသာသနာ-သူတပါးအသက် မသတ်အပ်။ သူတပါးဥစ္စာ မခိုးအပ်။ အစရှိသဖြင့် ဆုံးမသော သာသနာသည် အဓိသီလသာသနာ ဖြစ်၏။

၂) အဓိစိတ္တသာသနာ – မေတ္တာပွားများရန်-စိတ်တည်ငြိမ်စေရန် သမာဓိဖြစ်စေရန် အမှတ်သတိဖြင့်နေရန် ဆုံးမသော သာသနာ သည် အဓိစိတ္တသာသနာ ဖြစ်၏။

၃) အဓိပညာသာသနာ – ငါမဟုတ်-သူမဟုတ်-ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်-တစ်ဦးဦးမဟုတ်-အတ္တမဟုတ်- ဇီဝမဟုတ်-အသက်-၀ိညာဉ်-လိပ်ပြာ-တစ်ခုခုမဟုတ်။ တစ်ယောက်ယောက်မဟုတ်-မသိတတ်- မခံစားတတ်သော ရုပ်ဓါတ်များအစု- နှင့် သိတတ်-ခံစား တတ်သော နာမ်ဓါတ်များ အစု ဟူ၍သာ ရှိလေသည်။

ထို ရှိတယ်ဆိုသော ရုပ်ဓါတ်အစု များ နာမ်ဓါတ်အစုများဟာလည်း ဒီရုပ်ဓါတ်-ဒီရုပ်ဓါတ်၊ ၊ ဒီနာမ်ဓါတ်-ဒီနာမ်ဓါတ်၊ ဒီစိတ်-ဒီစိတ်၊ ဒီဝေဒနာ-ဒီဝေဒနာ၊ ဒီအပူ-ဒီအပူ၊ ဒီတစ်ခု-ဒီတစ်ခု အနေနဲ့ တောက်လျှောက်ရှိနေတာမဟုတ်ဘဲ ဖြစ်ဆိုတာနဲ့ မရှိတော့ပေ။

မျက်တောင်တစ်ခတ်-လျှက်တစ်ပြက်အတွင်းမှာ ကုဋေနှင့် ချီကာ ပျက်စီးသွားလိုက် -အသစ် အစားထိုး ဖြစ်ပေါ်လာလိုက် နှင့် အနိစ္စ သာဟုတ်သည်။ ဒုက္ခသာဟုတ်သည်။ အနတ္တ သာ ဟုတ်သည် အနှစ်သာရမဟုတ် -အချည်းနှီးသဘော -သုညသဘော သက်သက် ဖြစ်သည် ဟု ပွါးများကြစေရန် ဆုံးမတော်မူသော သာသနာသည် အဓိပညာ သာသနာ ဖြစ်၏။

ထိုတွင် အဓိသီသာသာသနာ- အဓိစိတ္တသာသနာ နှစ်ပါးသည် ဝေါဟာရ ဒေသနာ(ပညတ်) နှင့် သက်ဆိုင်ပေသည်။ (တနည်း) – သီလအကျိုးငှာသမထ အကျိုးငှာ ဝေါဟာရဒေသနာများ-ပညတ်ချက်များ-သမုတိသစ္စာများ ကို နားလည်ရ အသုံးပြုရလေသည်။

အဓိပညာသာသနာသည် ပရမတ္ထဒေသနာနှင့် သက်ဆိုင်ပေသည်။ (တနည်း) အသိဥာဏ်အမှန်-၀ိဿနာဥာဏ်များဖြစ်ပေါ်ရေး-မဂ်ဥာဏ်ဖိုလ်ဥာဏ်ဖြစ်ပေါ်ရေး- အမှန်တကယ်ဟုတ်သော သစ္စာတရား-နိရောဓ တရားကို မျက်မှောက်ပြု သိရှိနားလည်ရေး – အဓိပညာသာသနာ အကျိုးငှာ – ပရမတ္ထဒေသနာ – ပရမတ္ထသစ္စာတရားများကို သဘောပေါက် သိနားလည်ရပေမည်။

* * * * *

လယ်တီဆရာတော်ကြီးမှ ပထမပုစ္ဆာ အဖြေ –

၁။ ပုဂ္ဂိုလ်-သတ္တ၀ါ-ငါ-သူတစ်ပါး ဟူ၍ ခြားနားခြင်းမရှိလျှင် (ပုဂ္ဂိုလ်- သတ္တ၀ါ – ငါ – သူတစ်ပါး – တစ်ဦးဦး – တစ်ယောက်ယောက် – တစ်ခုခု – အသက်- ၀ိညာဉ် – လိပ်ပြာအဖြစ် တစ်ခုတည်းမှ – တစ်ယောက်တည်းမှ
တောက်လျှောက် ရှိနေတာ မဟုတ်ဟု ဆိုလျှင်) ဒုစရိုက် အတွက် မည်သို့တာဝန်ရှိနိုင်မည်နည်း ဟူသော ပထမပုစ္ဆာ ၌အဖြေကား –
…ပုဂ္ဂိုလ်- သတ္တ၀ါ- ငါ- သူတစ်ပါး ဟူ၍ ခြားနားခြင်းမရှိ ဟူသောစကားသည် ပရမတ္ထဒေသနာ၏ ဆိုင်ရာပေတည်း။ ဒုစရိုက်အတွက် မည်သို့ တာဝန်ရှိနိုင်မည်နည်းဟူသော စကားသည် ဝေါဟာရ ဒေသနာ၏ ဆိုင်ရာပေတည်း။

အဓိသီလသာသနာ အဓိစိတ္တသာသနာ ဟူသော သီလ၀ိသုဒ္ဓိ-စိတ္တ၀ိသုဒ္ဓိကို ပြဆိုရာ၌ ဝေါဟာရဒေသနာ ကို လွှတ်၍ (ဖယ်၍) ပြဆိုခြင်းငှာ မတတ်ကောင်း။

အဓိပညာ သာသနာ ဟူသော ဒိဌိဝိသုဒ္ဓိ ကို ပြဆိုရာ၌ ဝေါဟာရဒေသနာနှင့် ပြဆိုခြင်းငှာ မတတ်ကောင်း၊ ပရမတ္ထဒေသနာ၏ဆိုင်ရာသာ ဖြစ်သောကြောင့် ဖြစ်၏။ ပုစ္ဆာ ၌မူကား- ဝေါဟာရဒေသနာဆိုင်ရာ နှင့် ပရမတ္ထဒေသနာဆိုင်ရာတို့ ရောထွေးလျက် ရှိ၏။ ရှေးဦးပထမ ပြဆိုခဲ့သော ဒေသနာ အပြား(ဒေသနာအမျိုးအစားများ) နှင့် သာသနာအပြား (သာသနာ အမျိုးအစားများ) တို့အပေါ် ထောက်ထား၍ ယူလေ။ (ခွဲခြားနားလည်၍ သဘောပေါက်ရန် လိုပေသည်။)

ပထမပုစ္ဆာ အဖြေ ပြီး၏။

* * * * *

လယ်တီဆရာတော်ကြီးမှ ဒုတိယပုစ္ဆာ အဖြေ

၂။ ပုဂ္ဂိုလ်-သတ္တ၀ါ- ငါ-သူတစ်ပါး ဟူ၍ ခြားနားခြင်းရှိလျှင် (ပုဂ္ဂိုလ်- သတ္တ၀ါ – ငါ – သူတစ်ပါး – တစ်ဦးဦး တစ်ယောက်ယောက် -တစ်ခုခု-အသက်- ၀ိညာဉ် -လိပ်ပြာအဖြစ် တစ်ခုတည်းမှ- တစ်ယောက်တည်း မှ တောက်လျှောက် ရှိနေတာ ဟုတ်သည်ဟု ဆိုလျှင်) ၄င်းသဘော တရားသည် (တရစပ်ပျက်စီးနေမှု) အနိစ္စသဘောတရားနှင့် ညီညွတ်ပါ၏လော ဟူသောဒုတိယပုစ္ဆာ ၌ –

အဖြေကား …ပုဂ္ဂိုလ်- သတ္တ၀ါ- ငါ- သူတစ်ပါး မည်သည် တစ်ဘ၀မှာ တစ်ခါသာ သေမြဲဖြစ်၏။ တစ်ဘ၀မှာ အခါခါ သေသည် ဟူ၍မရှိ အနိစ္စမျိုး မည်၏။

ဗုဒ္ဓဘာသာ၌ အနိစ္စဆိုသည်ကား (ဗုဒ္ဓ အဓိက နားလည် ရှုမြင်စေ လိုသော အနိစ္စ ဆိုသည်ကား) ရုပ်ဓါတ်တရား-နာမ်ဓါတ်တရား တို့၏ တရစပ်လျင်မြန်စွာ ချုပ်ခြင်း(ပျက်ခြင်း) ကို ဆိုလို၏။ ထိုရုပ်ဓါတ်တရား- နာမ်ဓါတ်တရား တို့၏ ချုပ်ခြင်း(ပျက်စိးခြင်း) မည်သည် မျက်တောင်တစ်ခတ်-လျှပ်တစ်ပြက် ခဏအတွင်းမှာ အကြိမ်များစွာ ချုပ်၏။ ပျက်စီးနေ၏။

ထို့ကြောင့် ပုဂ္ဂိုလ်- သတ္တ၀ါ- ငါ- သူတစ်ပါး ဟူ၍ အမှန်မရှိ။ အမှန်မဟုတ်။ (ငါ- တစ်ဦးဦး-တစ်ယောက်ယောက် – တစ်ခုခု – အသက်- ၀ိညာဉ် -လိပ်ပြာအဖြစ် တစ်ခုတည်းမှ တစ်ယောက်တည်းမှ တောက်လျှောက် ရှိနေတာ မဟုတ်)။

အကယ်၍ ပုဂ္ဂိုလ်- သတ္တ၀ါ- – ငါ- သူတစ်ပါး အဖြစ် (လူ – နတ်) (ဧကန်ရှိနေသည် – ဧကန်ဟုတ်သည်) ဟု ထင်မြင်ယူဆခဲ့လျှင် အနိစ္စ၀ိပဿနာဥာဏ်နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ အနိစ္စ ၀ိပဿနာဥာဏ်ကို ပေါက်ရောက်လျှင် ထိုအယူပျက်၏။ ထိုအယူပျက်မှပင် မဂ်ဥာဏ် – ဖိုလ်ဥာဏ်သို့ ရောက်နိုင်၏။

ပုဂ္ဂိုလ်- သတ္တ၀ါ- – ငါ- သူတစ်ပါး ၊ ယခုဘ၀၊ နောက်ဘ၀အဖြစ် (လူ – နတ် – တိရစ္ဆာန်) သမုတိသစ္စာကို (ပညတ်တရားကို) မိမိ လူ့ဘ၀ တစ်ဘ၀ တစ်နပ်စာကောင်းစားရေး အဆင်ပြေစေရေးအတွက်သာ ကြည့်ပြီး ပစ်ပယ်ပါက ကိုယ်ကျင့်တရား၊ ဗြဟ္မစိုရ်တရားများ၊ ကိုယ်ချင်းစာတရားများ ခေါင်းပါးလာကာ လောကကြီး ပျက်စီးလေသည်။

ပုဂ္ဂိုလ်- သတ္တ၀ါ- – ငါ- သူတစ်ပါး ၊ ယခုဘ၀၊ နောက်ဘ၀၊ ယောက်ျားဘ၀၊ မိန်းမဘ၀၊ ယောဂီဘ၀၊ ဆင်းရဲသားဘ၀၊ သူဌေးဘ၀ စသည့် သမုတိသစ္စာ (အဖြစ်တရား-အကျိုးတရား)များသည် အဟုတ်ထင်၊ အတည်ယူ၊ ဆုပ်ကိုင်၊ အဓိကထား ငြိတွယ်နေဖို့ မဟုတ်သလို ပစ်ပယ်ဖို့ ဆန့်ကျင်ဖို့လည်းမဟုတ် ……..အမှန်တရားသစ္စာတရား နားလည်ရေးအတွက် အသုံးချရုံ သက်သက်၊ တွေ့ကြုံရုံ သက်သက် ဖြစ်စေဖို့သာ။

ဒုတိယပုစ္ဆာ အဖြေ ပြီး၏။

* * * * *
(နိုင်ငံခြား ပုစ္ဆာအဖြေပေါင်းချုပ် – လယ်တီဆရာတော်ကြီး) မှ ကိုးကားဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *