“ ပြဿနာလို့ ကိုယ့်ဟာကိုယ်သတ်မှတ်ပြီး ကိုယ်ဘဲ ပြဿနာတက်နေရတယ်”

Dec 31, ’09 1:40 AM

“ ပြဿနာလို့ ကိုယ့်ဟာကိုယ်သတ်မှတ်ပြီး ကိုယ်ဘဲ ပြဿနာတက်နေရတယ်”

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာ-

ဒီစာလေးကိုရေးဖို့ အချိန်တော်တော်ကြာအောင် စဉ်းစားခဲ့ရပါတယ်။ သို့သော် တရားလုပ်စ လူတွေကို တကယ် အားတက်စေချင်လို့ပါနော်။ လူတော်တော်များများက တရားဆိုရင် လူငယ်တွေအလုပ်မဟုတ်ဘူးလို့ ခေတ်လူငယ်အသိုင်းအ၀ိုင်းမှာ လက်ခံထားတဲ့အယူလေးကို ဖြုတ်စေချင်တဲ့ စေတနာပါ။ ကျွန်တော်ကိုယ်တိုင်လည်း အရင်က ဘုရားဆင်းတုအာရုံပြု-ဂုဏ်တော်ပွား-မေတ္တာပွား (ပုတီးစိတ်ခြင်းလောက်ကိုပဲ)အားထားလုပ်ခဲ့သူပါ။ ဒါပေမဲ့ တကယ့်တကယ် လောကဓံတွေနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့တော့ ဘာမှမကယ်နိုင်ဘူး စစ်မှန်သော ၀ိပဿနာ နှလုံးသွင်းမှန်မှုကပဲ စိတ်ကိုအေးငြိမ်းစေတယ်ဆိုတာ လုံးဝကိုလက်ခံသွားပါတယ်။

ဒီလိုလက်ခံတာလည်း တစ်ခါနဲ့တော့ မဟုတ်ပါဘူးနော်။ ဘာဖြစ်လာလာ တရားကိုပဲ အားကိုးတက်တဲ့ အကျင့်လေးကြောင့် ပိုပြီး သဘောပေါက်ခဲ့တာပါ။

(မှတ်ချက်။ ၀ိပဿနာ ရှုသည်ဆိုသော်လည်း လောကဓံ – အခက်အခဲ များနှင့် တွေ့ကြုံရသည့်အခါ ပူလောင်မှုများ သိသိသာသာ ဖြစ်နေသေးပါက ၀ိပဿနာမစစ်သေးဟုပင် ဆိုရပေမည်)

အခုခေတ်က မယုံတာလဲမဟုတ်ပါဘူး ယုံတော့ယုံတယ်။ဒါပေမဲ့ အဲဒီယုံတယ်ဆိုတဲ့ သဘောက လည်း အပြင်မှာမျက်မြင်ကိုယ်တွေ့ မြင်လိုက်ရမှ တနည်း ဒွါရ ၆ ခုနဲ့ ယုံတဲ့ယုံကြည့်မှုအညံ့စားဖြစ်နေလို့ပါ။ နားလည်အောင်ပြောရရင် မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ တကယ်ဟုတ်မနေတဲ့ တကယ်မြဲမနေတဲ့ သတ်မှတ်ချက်သက်သက်သာဖြစ်တဲ့ ပညတ်တွေနဲ့ဘဲ ယုံတတ်နေတဲ့ ယုံကြည့်မှုမျိုးဖြစ်နေလို့ကတော့ မခိုင်မာသေးပါဘူး။

ပရမတ်ကိုသိတဲ့ အရိယာသူတော်ကောင်းကြီးတွေရဲ့ ယုံကြည့်မှုမျိုးလောက်ကိုလဲ ဆိုလိုတာမဟုတ်ပါဘူး။

ဆရာတော်ဦးဇောတိက ဟောခဲ့တဲ့ အကြောင်းအရာလေးရှိပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အင်္ဂလိပ်စာကိုသင်ခဲ့တယ်။ဘွဲ့ရတဲ့အထိဆိုပါတော့ ဒီလောက်နှစ်တွေ များစွာသင်လာတာ နင်လားငါလားပြောဟဲ့ဆိုရင် ဆွံ့အနေသူလိုဖြစ်နေတက်ပါတယ်နော်။ ဒါဘာကြောင့်လဲဆိုတော့ ကိုယ်စိတ်က တကယ်ယုံကြည်လက်ခံထားတဲ့အရာ မဟုတ်ပဲ အများလုပ်လို့ လိုက်လုပ်တဲ့သဘောထားကြောင့်ပါ။ ၀ိပဿနာလုပ်တဲ့သူတွေလည်း အခုနှစ်တွေထဲမှာ အများကြီးပါနော်။ ဒါပေမဲ့ ခရီးမတွင်တာတွေက များပါတယ်။ ဘာလို့သိလည်းဆိုတော့ ကျွန်တော် ၀ိပဿနာလုပ်နေပါတယ်ဆိုတဲ့ လူကြီးတော်တော်များများနဲ့ စကားပြောဘူးပါတယ်။ဆွေးနွေးဘူးပါတယ်။

အဓိကအားနည်းချက်ကတော့ ဘာဖြစ်-ဘာပျက်ဆိုတဲ့ ပညတ် ဖြစ်ပျက်- ပညတ်ဝေဒနာကြီးတွေကိုသာ ရှုမှတ်ရင်း လမ်းဆုံးအောင်လိုက်ရင်း လမ်းဆုံးနေပါတယ်။

နောက်တစ်ခုက အခုခေတ်က အပြိုင်အဆိုင်တွေများတော့ ပြိုင်နေရမှ ဘ၀ လို့ ထင်နေကြတာပါ။

ငယ်ရွယ်စဉ် ပညာရေးလုပ်တော့ ပညာရေးမှာပြိုင်-ပညာရေး ပြဿနာတက်-

စီးပွားရှာတော့ စီးပွားရေးမှာပြိုင် – စီးပွားရေးမှာ ပြဿနာတက်-

နိုင်ငံရေးလုပ်တော့လည်း -နိုင်ငံရေးမှာပြိုင် – နိုင်ငံရေး ပြဿနာတက်-

တရားရှာတော့ တရားရှာရာမှာပြိုင် – တရားရှာရာမှာ ပြဿနာတက်-

သာသနာပြုတော့ သာသနာပြုရာမှာပြိုင် – သာသနာပြုရာမှာ ပြဿနာတက်

ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ အသက်သာသေသွားတယ် ပြိုင်လို့ကိုမပြီး ပြဿနာဖြစ်လို့ကို မဆုံးတော့ပါဘူးနော်။

ကျွန်တော်ဟာအရင်က တရားကိုဒီလောက်ထိလုပ်ဖို့ရည်ရွယ်ချက်လဲမရှိခဲ့ပါဘူး။ သူလိုငါလို ဘုရား တရားပဲသိခဲ့တာပါ။ နောက်တဖြေးဖြေး ပုံမှန်လေးလုပ်လာတော့ ပိုမိုယုံကြည်လာတယ်။ တရားထိုင်ချိန်ပေးကာ တရားထိုင်နိုင်သလို သီးသန်းအထူးတလဲလည်း တရားအားထုတ်ဖို့ အားမစိုက်ရဘဲလည်း နေ့စဉ် ကျောင်းတက်ကျောင်းသွား စာလုပ်နဲ့ အများနဲ့ဆက်ဆံတဲ့အခါတွေမှာရော ဘာလေးလုပ်လုပ် စိတ်ကအရင်ကထက် ပေါ့ပေါ့ပါးပါးဖြစ်လာပါတယ်။ တစ်ခုခုဆိုလဲ ရမှဖြစ်မယ် လုပ်မှဖြစ်မယ် ဆိုတဲ့ စိတ်တွေကနေ ပေါ့ပါးလာပါတယ်။

ဒါက မတောက်တခေါက်အသိလေး သိတဲ့ကျွန်တော်တောင် ဒီလိုလေးနေနိုင်နေရင် အရိုးကဓာတ်တော်ကျပြပြီး လူတွေတရားရစေချင်လို့ အလွန်အမင်း အပင်ပန်းခံနေတဲ့ ဆရာတော်ကြီးတွေဆို ချမ်းသာလိုက်မဲ့ဖြစ်ခြင်းလို့ တစ်ခါတစ်ခါ တွေးမိပါတယ်။

စိတ်ကလည်း ပညတ်အလွန်က ဘုရား တရားတွေကို အာရုံပြုတတ်လာပါတယ်။ အဲလိုလေးတွေသိလာတော့ သူငယ်ချင်းတွေ နီးစပ်ရာမိတ်ဆွေတွေကို အမြဲ

လိုလိုတိုက်တွန်းပါတယ်။

”ခင်များ တို့ အင်မတန်ကိုယ်ကျိုးနည်းမှာစိုးလို့ ဒီအလုပ်ကိုခိုင်း နေတာမှတ်ပါ။ ခင်များတို့က မသိလို့အေးအေးနေတာ။တော်ကြာ ခင်များ တို့တွေ့ရမဲ့ ဒုက္ခတွေက မသေးဘူးနော်။ ဆုတောင်း ပြည့်ဘုရား မကယ်နိုင်ဘူး“ ဆိုတဲ့ မိုးကုတ်ဆရာတော် ဘုရားကြီး စကားကိုအလေးအနက်ထားသင့်နေပြီလို့ ။

နောက် “ – ခံစားစရာလို့သတ်မှတ်ပြီး ခံစားနေရင် ခံစားလို့ကို ဆုံးမှာမဟုတ်ဘူး။

– တန်ဖိုးထားစရာဆိုပြီး တန်ဖိုးထားနေရင် တန်ဖိုးထားလို့ကို ဆုံးမှာမဟုတ်ဘူး။

– ပိုက်ဆံရှာရမယ်လို့ ကိုယ်ဟာကိုယ် သတ်မှတ်ပြီး ပိုက်ဆံရှာရတဲ့အလုပ်နဲ့ ကိုယ့်ဟာကိုယ် အမောဆိုက်နေရတယ်။

– စွဲလန်းစရာလို့ ကိုယ်ဟာကိုယ် သတ်မှတ်ပြီး ကိုယ်ပဲစွဲနေလို့ ကိုယ်ပဲ ဒုက္ခရောက်နေရတယ်။”

– ပြဿနာလို့ ကိုယ့်ဟာကိုယ်သတ်မှတ်ပြီး ကိုယ်ဘဲ ပြဿနာတက်နေရတယ်”

လို့ဆိုတဲ့ ဆူနာမီဆရာတော်ဦးဥတ္တမသာရ ရဲ့ စကားတွေကိုလည်း ထပ်ခါထပ်ခါ သဘောပေါက်အောင် နားလည်လက်ခံလာအောင် လုပ်သင့်နေပါပြီလို့ တင်ပြရင်း။

စိုးဝင်းထွဋ်

(ကိုသိင်္ခ ၏ ဆောင်းပါးလေးအား ကိုးကား ဖော်ပြပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *