ဘာကိုအဓိကထားရမလဲ (What Is the Most Importance?)

Jun 7, ’10 10:43 PM

 ဘာကိုအဓိကထားရမလဲ (What Is the Most Importance?)

ဓမ္မမိတ်ဆွေများခင်ဗျား-
ဘာကို အဓိကထားရမလဲ တန်ဖိုးထား ရမလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး မှန်ကန်စွာ သိလိုကြသူများ ရှိသလို… ဘာကိုပဲ အဓိက ထားမည်ဆိုပြီး ဆုံးဖြတ် ပြီးသား လူတွေလည်း ရှိကြပါတယ်… ဘာကို အဓိက ထားရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ ဟာ ဘာသာရေး ကျမ်းစာအုပ်များ၊ တက်ကျမ်းများ၊ လောကနီတီ အကိုးအကား များနှင့် လည်းကောင်း- တချို့လည်း မိမိကိုယ်တွေ့ အဖြစ်အပျက်များကို အခြေခံ၍ သော်လည်းကောင်း – တချို့လည်း မိဘ-ဆရာသမား များ၏ အဆုံးအမအရသော်လည်းကောင်း တစ်ခုခုကို အဓိက ထားရန် စိတ်ထဲမှ ပြဋ္ဌာန်းပြီး ဖြစ်ကြလေသည်။

ငွေကြေးကို အဓိကထား သူများရှိသလို… ပညာရေးကို အဓိကထား သူများ လည်းရှိကြပါတယ်.. ..ကိုယ်ကျိုးစီးပွားကို အဓိကထားသူများရှိသလို….အများအကျိုးကို အဓိကထားသူများလည်းရှိပါသည်။ ဘာသာရေးကို အဓိကထားသူများရှိသလို…. နိုင်ငံရေးကိုအဓိကထားသူများလည်းရှိကြပေသည်။ ပထမအရွယ်မှာ ပညာရှာ – ဒုတိယအရွယ်မှာ ဥစ္စာရှာ-တတိယအရွယ်မှာ တရားရှာ ဆိုတဲ့ လောကနီတီ အဆုံးအမ ကိုလည်း လူတိုင်းကြားဖူးနေကျဖြစ်ပါတယ်။ ….ကိုယ်ကျင့်တရားကို အဓိကထားဖို့ ဘာသာရေး ကျမ်းများတွင် လည်းကောင်း၊ အရှေ့တိုင်း အနောက်တိုင်း အဆို အမိန့်များ တွင်လည်းကောင်း၊ ကျွန်ုပ်တို့ တွေ့မြင်နေကျ ဖြစ်ပါတယ်။ အရှင်ဇနက ဘိဝံသရဲ့ စိတ်ကောင်းရှိဖို့ ပထမ – စာတတ်ဖို့ ဒဿမ ဆိုတာကိုလည်း ကျွန်ုပ်တို့ သိရှိ နားလည်ကြပါတယ်။

အဓိကထားမှုများ တန်ဖိုးထားမှုများ တစ်ဦးနှင့်တစ်ဦး တူညီမှုများရှိသလို… ညီအစ်ကိုချင်း-သားအမိချင်း- လင်မယားချင်း-ဘာသာတူချင်းပင် သဘောထား ကွဲလွဲမှုများလည်း ရှိကြပါသည်။ … အဓိကထားရမယ့် အရာကို အဓိကမထားမိသဖြင့် အချိန်လွန်မှ နောင်တ တဖန် ပူပန်မှုများ ဖြစ်ကြရသည် မှာလည်း ကျွန်ုပ်တို့အဖို့ မရိုးနိုင်တဲ့ အစဉ်အလာတစ်ခုဖြစ်ပါတယ်။
မိတ်ဆွေများ အနေနဲ့ ဘာကို အဓိကထားရမလဲ တန်ဖိုးထားရမလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော် ဥာဏ်မီသလောက် တင်ပြသွားမှာဖြစ်ပြီး လွယ်လွယ်နှင့် လည်းလက်မခံကြပါရန် …လွယ်လွယ်နှင့်လည်း မပစ်ပယ်ကြပါရန် လေးစားစွာ အကြံပြုအပ်ပါသည်။

၁။ အဖေ ဘာကြောင့် တရားအားမထုတ်တာလဲ

၁၉၉၅ခု၊ အဖေ မဆုံးခင်(၁၀) နှစ်လောက်က ထင်ပါသည်။ အဖေ့ ကို တရားစခန်း တစ်ခုသို့ဝင်၍ တရားအားထုတ်ရန် အကြံပြုတိုက်တွန်းမိပါသည်။ အဖေသည် မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ထိုအချိန်ထိ တရားအား ထုတ်မှု နှင့် ပတ်သက်၍ စိတ်ဝင်တစားမရှိလှပေ။

အဖေက တရားအားထုတ်မှုနှင့် ပတ်သက်၍ သူ့အမြင်အား ကျွန်တော့် အား ပွင့်ပွင့်လင်းလင်း ပြောလာ ပါသည်။ အဖေက ကျွန်တော့်အား …သူဟာ စိတ်သဘောထား ဖြောင့်မတ်သူဖြစ်ပြီး၊ သူတပါးအား နိုင်ထက် စီးနင်းပြုမှုခြင်း၊ သူတပါးပစ္စည်းအားမတရားရယူခြင်း၊ အရက်သေစာ သောက်စားမူးယစ်ခြင်း လည်းမရှိ၊ သူတပါးအပေါ် မလိုမုန်းထား စိတ်လည်းမရှိ၊ စိတ်သဘောထား သေးသိမ်ဆိုးယုတ်ခြင်းလည်းမရှိ၊ ကြီးမား သော စိတ်သောကရောက်မှု ….ကြီးမား သောအကုသိုလ်များလည်း ရှိမနေသည့်အတွက် တရား အားထုတ်ရန် မလိုအပ်…ဟု ပြောကြားပါသည်။

အဖေသည် အမှန်ပင် သူပြောသည့်အတိုင်းဘ၀တစ်လျှောက် သူတပါး အား မတရား ပြုမူခြင်း ပြောဆိုခြင်း မရှိခဲ့ပေ။ အဖေသည် တကယ်ပင် လူ့ ပတ်ဝန်းကျင် မှ သတ်မှတ်သော မကောင်းမှု ဆိုသည်များကို မပြုလုပ်ပဲ ဘ၀တစ်လျှောက် အေးဆေးစွာနေထိုင်နိုင်ခဲ့၍ ထိုမကောင်းမှုများ ဆေးကြာရန် အတွက် တရားအားထုတ်ရန်မလိုဟု ပြောခြင်းဖြစ်ပါသည်။

တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်များ စောင့်ထိန်းသည့် ကံငါးပါးလုံခြုံမှုမှာ လူ့ပတ်ဝန်းကျင်အတွက် အပြစ်ဆိုစရာမရှိအောင် နေထိုင်နိုင်ခြင်းကိုပဲ အဖေသည် အဓိကထားပြီး ဖြစ်သဖြင့် တရားအားထုတ်မှုအလုပ်ကိုမူ အဓိကထားပြီး လုပ်ဆောင်နေဖို့ရန် မလိုအပ်ဟု အဖေ ယူဆထားသည်ထင်ပါသည်။ သို့သော် အဖေသည် လူ့ပတ်ဝန်း ကျင်မှု သတ်မှတ်သော ကံငါးပါးလုံခြုံမှုတွင် တစုံတရာ ပြောစရာ မရှိသော်လည်း – လူ့ပတ်ဝန်းကျင်အတွက် အန္တရာယ် အဖြစ် သတ်မှတ်သော ခြင်-ယင်-ကြမ်းပိုး-စသည့်တိုအား သုတ်သင်ခြင်း အလုပ်ကိုမူ အပြစ်ဟုမယူဆခဲ့ချေ။

အဖေ့စိတ်ထဲ တရားအလုပ်ဟူသည် အပြစ်များကို ဆေးကြောသည့်အလုပ်၊ လူဆိုးများ ကို လူကောင်းဖြစ်အောင်ပြောင်းလဲ သည့်အလုပ်၊ စိတ်သောကများ သက်သာအောင် ပြုလုပ်သည့် အလုပ်အဖြစ် ခံယူထားပြီးဖြစ်သည့်အပြင် အဖေသည် လူ့ပတ်ဝန်းကျင်မှ သတ်မှတ်သော လူကောင်း တစ်ဦး ဖြစ်ခြင်းကိုပဲ အဓိကထား တန်ဖိုးထားပြီးဖြစ်၍ တရားအလုပ်ကိုကား အပြစ်များ၊ သောကများကို ဆေးကြောသည့် အလုပ်တစ်ခုအဖြစ် အပေါ်ယံ နားလည်လျှက် တရားအလုပ်ကို အဓိကထား အရေးတကြီး လုပ်ဆောင် စရာအဖြစ် အဖေ့ မခံယူနိုင်ခဲ့ပါချေ…ထိုစဉ်က အဖေ့ကို ကျွန်တော် ပြန်လည် မရှင်းပြနိုင်ခဲ့ပါ။

၂။ တစ်ခုခုကို အချိန်တစ်ခုကြာ ရှိနေ မြဲနေသည်ဟူ၍ ယူဆလျှက် စူးစိုက်ရန် ရှုမှတ်ရန် ကြိုးစားနေမှု

လွန်ခဲ့သော သုံးလလောက်ကလည်း မိတ်ဆွေတစ်ဦးအား တရား အား ထုတ်ရန် တိုက်တွန်းမိ ပြန်ပါသည်။ ထိုအခါ မိတ်ဆွေမှ သူ့စိတ်သည် အမြဲပဲ ရှေ့ရေး နောက်ရေး စဉ်းစားနေကာ၊ ယောက်ယက် ခတ်နေတတ်ကြောင်း၊ တရားအားထုတ်နည်း တချို့ကိုလည်း လေ့လာစမ်းသပ်ဖူးကြောင်း ခန္ဓာကိုယ် မှတစ်နေရာကို စူးစိုက်ထားရန် ထိုနေရာမှ စိတ်မပျံ့လွင့်စေရန် အဓိကထား ညွှန်ကြား ကြောင်း ပြောပါသည်။ ….

မိမိမှာ ကိစ္စအရပ်ရပ်တွင် အမြဲစဉ်းစား သုံးသပ်နေရသည့် မိမိအတွက် ထိုကဲ့သို့ ပြုလုပ်ရန် အလွန်မှပဲ ခက်ခဲနေကြောင်း … ပြောပါသည်။ ထို့ပြင် ထိုမိတ်ဆွေမှ စိတ်ကို မပျံ့လွင့်ရန် အဓိကထား ထိန်းချုပ်ရင်း လူတစ်ချို့ဟာ တစ်ချိန်တွင် limit တစ်ခုကို ကျော်လွန်ကာ abnormal ဂေါက်သွားတတ်သည် ဟု ကြားဖူးကြောင်း ပြောလာပါသည်။

ထိုမိတ်ဆွေသည် တရားအလုပ်ဟူသည် –
၁) မိမိစိတ် ကို လျှောက်မသွားရန် မစဉ်းစားရန် ထိန်းချုပ်ရသောအလုပ် ဟူ၍ လည်းကောင်း၊ …..
၂) စိတ်ကလေးတစ်ခုကို အဓိကထား-အတည်ယူလျှက် control ပြုလုပ်ရသော အလုပ်ဟု ဟူ၍ လည်းကောင်း၊…
၃) စိတ်ဟူသည် မမြင်နိုင်သည့် အရာကလေး (တစ်ခုခု) ဖြစ်ကာ အချိန် တစ်ခုကြာ ရှိနေနိုင်သည့် – မြဲနေနိုင်သည့် – လျှောက်သွားနေနိုင်သည့် အရာလေး (တစ်ခုခု)အဖြစ် လည်းကောင်း မှတ်ယူထားလေသည်။

…….ထိုသို့ မှတ်ယူထားရာမှ တရားအလုပ်ကိုပါ မိမိမှတ်ယူထားမှုနှင့် ရောထွေးလျှက် ….ထိုကဲ့သို့ အချိန်တစ်ခုကြာ မြဲနေ-ရှိနေ-လျှောက်သွားနေနိုင်သည့် ထိုစိတ်ကလေး(တစ်ခုခု)ကို အဟုတ်ထင်ကာ အတည်ယူလျှက် ထိန်းသိမ်းရန် အဓိကထားကြိုစားနေသည့်အလုပ်သည် တရားအလုပ်ဟူ၍ သတ်မှတ်လေတော့သည်။ ထိုသတ်မှတ်မှုကြောင့်ပင် တရားအားထုတ်ခြင်း အလုပ်ကို တန်ဖိုးထားမှု မှာ လျော့နည်းခဲ့လေသည်။ ကျွန်တော်လည်း ထိုစဉ်က ရေလည်စွာ မရှင်းပြနိုင်ဘဲ ဖြစ်ခဲ့ရပါသည်။

၃။ သီလတွေ လုံးဝလုံခြုံသွားမှ တရားစတင်အားထုတ်ရမှာလား။ တရား အားထုတ်မှုက သီလ အမှန်တကယ်လုံခြုံမှုကို တဆင့်တဆင့် ကျေးဇူးပြု အထောက်အကူ ပြုသွားခြင်းလား။

မိတ်ဆွေတစ်ဦးမှ သူ၏သူငယ်ချင်းအား တရားအားထုတ်ရန် တိုက်တွန်းရာမှ ထိုသူငယ်ချင်းက တရားအားထုတ်မှုနှင့်ပတ်သက်၍ မိမိ ယူဆချက်ကို ပြောလာပြန်ပါသည်။

ထိုလူငယ်မှ …မိမိသည် အရက်သေစာသောက်စားမှုကို ယတိပြတ် မစွန့် လွှတ်နိုင်သေးကြောင်း၊ ထို့အတွက် အရက်သေစာသောက်စားမှုကို ယတိ ပြတ် မစွန့်လွှတ်သေးဘဲ တရားအားထုတ်ပါက ဘုရားကို မရိုသေရာကျပြီး ငရဲကြီးမည် ကို စိုးရိမ်မိကြောင်း…ထို့အတွက် …မိမိတရားအားမထုတ်လိုကြောင်း…. ပြောပါသည်။ တနည်းအားဖြင့် သီလပိုင်းဆိုင်ရာ အားနည်းချက်များရှိခြင်းကြောင့် တရားအားထုတ်နိုင်ရန် မဖြစ်နိုင်သေးပါကြောင်း တရားအားထုတ်ရန်ငြင်းပယ် လေသည်။……
ဆရာတော်တစ်ပါးထံ ဒကာတစ်ဦးမှ မိမိတရားအားမထုတ်ဖြစ်ရခြင်း ၏အကြောင်းကို လျှောက်ထားပြန်သည်ကို တဆင့်ပြန်ကြားရပါသည်။ …

ထိုဒကာမှ …..မိမိစိတ်မှာ အမျိုးမျိုးသော ပူပန်မှု-စိတ်မချမှု-စိတ်မရှည်မှု-သီးမခံနိုင်မှု-ဂနာမငြိမ်မှု-ယောက်ယက်ခတ်မှု – မတည်ငြိမ်မှုများ အလွန်များပြား သဖြင့် တစ်ခုခုတွင် အာရုံ တည်ငြိမ်စေရေး သမာဓိရဖို့ မလွယ်ကူကြောင်း၊ …. ထို့ပြင် စီးပွားရေးသဘောအရ သူတပါးကို မထိခိုက်သော်လည်း မိမိကိုယ်ကျိုး စီးပွား ကာကွယ်ရန် အလို့ငှာ မုသားစကားများလည်း သုံးသုံး နေရသဖြင့် သီလပိုင်းဆိုင်ရာ အားနည်းချက်များရှိနေကြောင်း၊ ထို့ကြောင့် တရားအားထုတ်လို့ဖြစ်မှာမဟုတ်ကြောင်း ရှင်းပြ ရှာလေသည်။ ထိုအခါ ဆရာတော်မှ ထိုဒကာကြီးအား ဒကာကြီး ပြောစကားဟာ ရောဂါဖြစ်နေလို့ ဆေးမသောက်တော့ဘူး….. လို့ ပြောတဲ့ လူနာစကားလို ဖြစ်နေကြောင်း.. မိန့်လိုက်ပါသည်။

ထိုကဲ့သို့ အမျိုးမျိုးသော စိတ်သောကပူပန်မှုများ-စိတ်မရှည်မှု သီးမခံနိုင်မှု-ဂနာမငြိမ်ဖြစ်မှုစတဲ့ ရောဂါများ အတွက်လည်းတရားအားထုတ်မှုဆေးကို သောက်သုံးရကြောင်း။ …မုသားပြောဆိုနေရသည် ဆိုသည်မှာ မှန်မှန်ကန်ကန် မပြောတတ်၍….. မှန်မှန်ကန်ကန်မပြောရဲ၍ မုသားပြောနေရခြင်းဖြစ် ကြောင်း၊ တရားအလုပ်ကို လေ့ကျင့်ပါများသောအခါ မှန်မှန်ကန်ကန် ပြောတတ် အောင် (မုသားမပါဘဲပြောတတ်အောင်) တရား အသိဥာဏ်က သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားလေသည်။ ….မုသားမပါ လင်္ကာမချော…. ဆိုတဲ့ စကားကို အတည်ယူနေတဲ့ လောကကြီးထဲတွင် တရားအသိဥာဏ်မပါဝင်ပဲ မုသားမပါပဲ စကားပြောဆိုနိုင်သည့် အခြေအနေကို စောင့်၍ တရားစတင် အားထုတ်မည်ဆိုပါက မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ ရှင်းပြလေသည်။

၎။ ကိုယ်ကျင့်သီလကို ဘာကြောင့်ဖောက်ဖျက်မိကြတာလဲ

ဆရာတော်မှ ဆက်လက်၍ ….ကိုယ်ကျင့်သီလ (ကံငါးပါး)ဖောက်ဖျက်သည် ဆိုသည်မှာ မိမိ လောဘစိတ်-ဒေါသစိတ်များ(မနောကံ)ကို အဟုတ်တကယ် ထင်မှတ်၍ ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ စိတ်အလိုလိုက်မိရာမှ သီလ ချိုးဖောက်မိခြင်း ဖြစ်လေရာ ….မိမိလောဘ-ဒေါသများကို မှန်ကန်သောနည်းလမ်းဖြင့် စွန့်လွှတ်နေသည့် တရားအလုပ်(စိတ်အလုပ်)ကို ပြုလုပ်နေခြင်းဖြင့်…. ကိုယ်ကျင့်သီလ ကို အလိုလို စောင့်ရှောက်ပြီးသား ဖြစ်နေကြောင်း ….

တရားအားထုတ်၍ မဂ်ဥာဏ်-ဖိုလ်ဥာဏ် အစစ်များဖြစ်ပေါ်လာမှသာ မုသာဝါဒ အပါအ၀င် ကိုယ်ကျင့်သီလစောင့်ထိန်းမှုမှာ စောင့်ထိန်းနေစရာမလိုပဲ အမှန်တကယ် အလိုလို လုံခြုံသွားမည် ဖြစ်ကြောင်း…. ရှင်းပြခဲ့လေသည်။

ကျွန်ုပ်တို့သည် ….လောဘ-ဒေါသစိတ်များဖြစ်နေစေသည့် အဓိက အကြောင်းရင်း တရားခံအစစ်….ကို မသိပဲ…မစွန့်လွှတ်ပဲ …လောဘ ဒေါသများ ကြီးကျယ်စွာမထွက်ပေါ်သေးသဖြင့် ထိန်းချုပ်ထားနိုင်စဉ် လုံခြုံနေသော ဖန်တီးထားသည့် သီလကိုသာ အဓိကထားနေလေသည်။

ထိုသီလသည် မိမိ ထိန်းချုပ် သည်းခံနိုင်မှု အတိုင်းအတာ တစ်ခုကို ကျော်လွန်ပါက (သို့) အားကြီးသော လောဘ-ဒေါသများ ဖြစ်လာပါက အချိန်မရွေး ပြန်လည် ကျိုးပေါက်သွားမည့် သီလဖြစ်လေသည်။

ကိုယ်ကျင့်သီလကို ကျိုးပေါက်စေရန် အဓိက ဖန်တီး ပြုလုပ်နေသည့် လောဘ-ဒေါသ-မောဟ စသည့် အကုသိုလ်စိတ်များကို မှန်ကန်စွာ စွန့်လွှတ်နေသည့် တရားအလုပ်ကို အဓိကထားမှသာ ကိုယ်ကျင့်သီလကို အမှန်တကယ် လုံခြုံအောင် စောင့်ထိန်းနေခြင်းဖြစ်ပါသည်။

ကိုယ်ကျင့်သီလကို ဖောက်ဖျက်စေရန် ….အဓိက ဖန်တီးပြုလုပ်နေသည့် လောဘ-ဒေါသ-များကိုလည်းကောင်း၊ ထိုလောဘ-ဒေါသစိတ်များကို ငါ့စိတ်-ငါ့ဒေါသအဖြစ် အတည်ယူနေမှု အဟုတ်ထင်နေမှု (မောဟ-အ၀ိဇ္ဇာ) ကို လည်းကောင်း… စွန့်လွှတ်နေသည့် တရားအလုပ်ကြောင့် ဖြစ်ပေါ်လာသည့် ….အလောဘ-အဒေါသ-အမောဟ- စိတ်များ၏စွမ်းအားဖြင့် … သူတပါးအား မတရားပြုလိုစိတ်၊ မလုပ်ရမနေနိုင် ငမ်းငမ်းတက် လိုချင် တောင့်တစိတ်၊ မလိုမုန်း ထားစိတ်များ ကင်းရှင်းနေမှုကြောင့် သည်းခံ နေစရာမလိုဘဲ စောင့်ထိန်းပြီးဖြစ်နေသည့် အဓိသီလ အစစ်အမှန် ဖြစ်ပေါ် ရေးကို အဓိကထားရပေမည်။ ……….တနည်းအားဖြင့် သီလ ကိုယ်ကျင့် တရားကို အမှန်တကယ် လုံခြုံစေမည့် အကြောင်းတရား အစစ် ဖြစ်သည့် တရားအလုပ်ကို အဓိကထားရပေမည်။ သို့မှသာ ကျားသစ်စောင့်သောသီလမျိုးမှသည် အရိယာတို့၏ အဓိသီလ သို့ လမ်းစပွင့်ပေမည်။

သာသနာပကာလများကာလများ၌လည်းကောင်း၊ တခြားသော ဘာသာတရား များတွင်ပါ၊ လူသားတိုင်း ကိုယ်ကျင့်သီလသည် အရေးကြီးမှန်းနားလည်ကြသော်လည်း နေရာတိုင်း လူမျိုးတိုင်း အချိန်တိုင်း တွင် သတ်ဖြတ်မှု၊ ခိုးမှု၊ ၀ှက်မှုများ၊ မတရားမှု၊ အကျင့်ပျက်ချစားမှု၊ အနိုင်ကျင့်မှု၊ စော်ကားမှု၊ လိမ်လည်လှည့်ဖြားခံရမှုများ ၊ သောက်စားမူးယစ်မှုများ မရိုးနိုင်အောင် မဆုံးနိုင်အောင် အဘယ့်ကြောင့် ရှိနေရပါသနည်း။

ထိုအကုသိုလ်အလုပ်များကို ကျူးလွန်မိခဲ့သောသူများအား ကိုယ်ကျင့် သီလကို အရေးတကြီး စောင့်ထိန်းရမည့် တရားများအဖြစ် မိတ်ဆွေ ဆုံးမစကား သွားရောက်ပြောဆိုပါက ထိုသူတို့၏ ဦးနှောက် နှင့် ပါးစပ်တို့မှ နားလည် လက်ခံပါသည်ဟု ပြောမှာ ၁၀၀%သေချာသော်လည်း နောက်တစ်ကြိမ် ကိုယ်ကျင့်သီလ ကျူးလွန်ဖို့ရန် အခြေအနေ အခွင့်အရေးများ ကြုံကြိုက် လာသည့်အခါ ထိုသူတို့သည် ဖြစ်ပေါ်လာသော လောဘ-ဒေါသတို့ကို အဟုတ်ထင်ကာ အလိုလိုက်မိပြန်ပြီး အကုသိုလ် အမှုများကို တဖန် ကျူးလွန် မိကြပြန်လေသည်။

လူတိုင်းအားလုံးနီးပါး ကိုယ်ကျင့်သီလ၏ အရေးကြီးပုံကို လည်းကောင်း၊ ကိုယ်ကျင့်သီလ ဖောက်ဖျက်မှုများ (မတရားမူများ)ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများ မဆုံးနိုင်အောင် ဖြစ်နေရ ကြောင်း ဦးနှောက်မှ နားလည် လက်ခံယုံကြည်ပြီးဖြစ်သော်လည်း အားကြီးသောလောဘ-ဒေါသတို့ တကယ် ဖြစ်လာသည့်အခါ မည်သူသည် ကိုယ်ကျင့် သီလအတွက် စိတ်ချရ ပါသည်ဟု မိတ်ဆွေ ထင်ပါသနည်း။

ဓားမကူးဆရာတော်၏အဖြစ်သည်လည်းကောင်း၊ ဘုရားလောင်း ဈာန်ရရသေ့ကြီး ဟရိတစ… ဘုရင့်မိဖုရားကြီးနှင့် ကာမေသုမိစ္ဆာစာရကံ ကျူးလွန်မိမှု(ပါတာကန၀ကနိပါတ်) အဖြစ်အပျက်များသည် လည်းကောင်း အားကြီးသော ကိလေသာနှင့် တကယ် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသောအခါ ၀ိပဿနာ ပညာဥာဏ်-မဂ်ဥာဏ်-ဖိုလ်ဥာဏ်ပညာ များ မပါဝင်သောကိုယ်ကျင့်သီလသည် အချိန်မရွေး ကျိုးပေါက်သွားနိုင်ကြောင်း သင်ခန်းစာရစေပါသည်။

ယခုဆိုလျှင် အိန္ဒိယအကျဉ်းထောင်များတွင် အပြစ်ကျူးလွန်သူများအား အကျင့်သီလ စာရိတ္တကောင်းမွန်ရေးအတွက် ဆုံးမစကားများ တွင်တွင် ပြောကြား နေခြင်းထက် …… ၀ိပဿနာတရားအလုပ်ကို (ဆရာကြီး ဂိုအင်ကာ အကူအညီဖြင့်) အကျဉ်းသားများကို ကိုယ်တိုင် လက်တွေ့ ကျင့်သုံး ကြည့်စေခြင်းဖြင့် ….စိတ်ဓါတ်များပြောင်းလဲပြီး ကိုယ်ကျင့်သီလ ကို အမှန်တကယ် စောင့်ထိန်းလာနိုင်စေမည့် အဓိက အကြောင်းတရားအစစ်ကို အဓိကထား စီစဉ်ဆောင်ရွက်ပေးမှုကား ကျွန်ုပ်တို့ အတုယူစရာပင်။

မြတ်စွာဘုရားကိုယ်တိုင်လည်း သုတ္တန်တစ်ခုတွင် ၀ိနည်းသိက္ခာများ များပြားလွန်း၍ မစောင့်ထိန်းနိုင်တော့ဟု ဆိုကာ လူထွက်လိုသူ ရဟန်းတပါးအား ၀ိနည်းသိက္ခာများ များပြားလွန်း၍ မစောင့်ထိန်းနိုင်ဟုဆိုပါက စိတ်(မနောကံ) တစ်ခုတည်းကို စောင့်ထိန်းနိုင်ပါကလည်း လူထွက်စရာ မလိုကြောင်း မိန့်ကြား ဖူးလေသည်။ ကာယံမှု၊ ၀စီကံမှုများ ကျူးလွန် ဖောက်ပြားခြင်း သည် မနောကံကပင် စတင် မြစ်ဖျားခံ လာသည်မဟုတ်ပါလော။ မနောကံမျှပင် မဖြစ်သူသည် အဘယ်မှာလျှင် ကာယကံမှု၊ ၀စီကံမှုများကို သကျူးလွန် ဖောက်ပြားနိုင်ပါမည်နည်း။

ကျွန်ုပ်တို့သည် သီလ-သမာဓိ-ပညာ ကို လှေကားသုံးထစ်အဖြစ် ယူဆခြင်းထက် သုံးချောင်းထောက် စားပွဲခုံအဖြစ် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေသော တရားများအဖြစ် နားလည်ဖို့လိုအပ်ပေမည်။ လောဘ-ဒေါသကို အမြစ်ပြတ်စွန့်လွှတ်နိုင်သော ၀ိပဿနာပညာ မပါဝင်ပဲ စောင့်ထိန်းနေသော သီလ သည် ခြေထောက်တစ်ချောင်း ကျိုးနေသော သုံးချောင်းထောက်စားပွဲ ကဲ့သို့ အခြေအနေတစ်ခု ကြောင့် အချိန်မရွေး မှောက်လဲသွားနိုင်ပေသည်။

၅။ ကိုယ်ကျင့်သီလ ဖောက်ဖျက်မှု ၏ အဓိကအကြောင်းရင်း တရားခံ အစစ် (သို့) သမုဒယသစ္စာ (သို့) အ၀ိဇ္ဇာ နှင့် တဏှာ
ကိုယ်ကျင့်သီလ ဖောက်ဖျက်မိခြင်းသည် ငါ-ငါ့ဟာ၊ သူ-သူ့ဟာ၊ ဟူသော တစ်ခုခု၊ တစ်ဦးဦး၊ တစ်ယောက်ယောက်၊ ပုဂ္ဂိုလ်-သတ္တ၀ါ အမှန်ဖြစ်သည်ဟု အဟုတ်ထင်မှတ်ပြီး ငါ-သူတပါး ခွဲခြားမှု သောအယူကို အတည်ယူရာမှ တဆင့် ……ထိုတစ်ခုခု-အတ္တ-(ငါ) တစ်ဦးဦး-တစ်ယောက်ယောက် ချမ်းသာရေးခံစားနိုင်ရေး အဓိကထားရာမှ ဖြစ်ပေါ်လာသော အားကြီးသည့် လောဘ-ဒေါသများ(တဏှာ) ကို အလိုလိုက်ရာမှ ကိုယ်ကျင့်သီလ ကို ဖောက်ဖျက်မိခြင်း ဖြစ်လေသည်။ သို့ဖြစ်လေရာ….
ထို… ငါ၊ ငါ့ဟာ၊ သူ၊ သူ့ဟာ ဆိုသည့် တစ်ခုခု၊ တစ်ယောက်ယောက်၊ ပုဂ္ဂိုလ်-သတ္တ၀ါ ဆိုတာ ဧကန် ဟုတ်နေသည်။ ဧကန်ဖြစ်နေသည် ဆိုသော ထင်မြင်ချက် (အ၀ိဇ္ဇာ) ကို မှန်ကန်စွာ စွန့်လွှတ်တတ်ပါက … (သက္ကာယဒိဋ္ဌိ) ကို မှန်ကန်စွာ စွန့်လွှတ်တတ်ပါက-

၁) သတ္တ၀ါအဖြစ် ကို အဟုတ်ထင်ကာ ထိုသတ္တ၀ါဘ၀ကို ဖျက်ဆီးပစ်သည့် ပါဏာတိပါတ ကံသည်လည်းကောင်း၊ (သို့) မိမိတွင် ဖြစ်ပေါ်လာသည့် လောဘ-ဒေါသစိတ်ကို မမြင်နိုင်သော တစ်ခုခု အဖြစ်…အတည်ယူ အဟုတ်ထင်ကာ …ကျူးလွန်သည့် ပါဏာတိပါတာကံသည်လည်းကောင်း၊
၂) စိတ်ထဲမှ သူ့ဟာ ငါ့ဟာ အဖြစ်ခွဲခြားမှုကို …အဟုတ်ထင်မှတ်ကာ… သူ့ဟာ ကို ငါ့ဟာအဖြစ် မတရားသိမ်းပိုက်သည့် အဒိန္နာဒါနာ ကံသည် လည်းကောင်း၊
၃) မိမိရာဂစိတ်ကို မမြင်နိုင်သော တစ်ခုခုအဖြစ် …အတည်ယူဆကာ အဟုတ် ထင်မှတ်ကာ… ကျူးလွန်သည့် ကာမေသုမိစ္ဆာစာရကံ သည် လည်းကောင်း၊
၎) မိမိကြောက်စိတ်-အားငယ်စိတ်-မတရားလိုချင်စိတ်-စိုးရိမ်စိတ်-မနာလိုစိတ်-၀န်တိုစိတ် တို့၏တောင်းဆိုမှု များကို …အဟုတ်ထင်ကာ ကျူးလွန်သည့် မုသာဝါဒကံသည်လည်းကောင်း၊
၅) ယစ်မူးသည့် မိန်းမောသည့် ခံစားချက်များကို အဟုတ်ထင်ကာ အတည် ယူပြီး ထိုခံစားချက်များ မပြတ်တရစပ် ဖြစ်ပေါ်နေစေရန် ကျူးလွန်သည့် သူရာမေရယကံသည်လည်းကောင်း ဖြစ်ပေါ်လာစရာ အကြောင်းမရှိတော့ပေ။
ငါ-ငါ့ဟာ၊ သူ-သူ့ဟာ ဟူသော တစ်ခုခု၊တစ်ဦးဦး၊ တစ်ယောက် ယောက်၊ သက်ရှိ-သက်မဲ့ ၊ ပုဂ္ဂိုလ်-သတ္တ၀ါဟူသောအယူ ကို ယူရာမှ ဆုပ်ကိုင်ရာမှတဆင့် ဖြစ်ပေါ်လာသော လောဘ-ဒေါသ များကို အဟုတ် ထင်မှတ်ကာ… အတည်ယူရာမှတဆင့် ကံငါးပါးကို ကျူးလွန်မိကြ ကြောင်း သေသေချာချာ သိနားလည် ထားရပေမည်။

ဒီနေရာမှာ ဥာဏ်ကြီးရှင်တချို့ စောကဒတက်လာနိုင်မှုကိုလည်း ရှင်းပြ လိုပါသည်။ တချို့က ငါ-သူတပါး၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ မဟုတ်ဟု ဆိုပါက ….အသက်မရှိ….ဟု ယူဆပြီး…… သူလည်း ဓါတ်ကြီးလေးပါး၊ ဓါးလည်း ဓါတ်ကြီးလေးပါး သူ့ခန္ဓာထဲ ဓါးနဲ့ ထိုးသွင်းရင် မခက်ပေလော ဆိုလာနိုင်ပါသည်။ လုပ်ရပ်တိုင်းမှာ မနောကံ၏ စေ့ဆော်မှုပါမှသာ ဖြစ်ပွားနိုင်လေသည်။ မနောကံ၏ စေ့ဆော်မှု မပါပဲ ကာယကံ၊ ၀စီကံတို့ မဖြစ်နိုင်ပေ။

သူတပါးကို ဓါးနဲ့ ထိုးတယ် ဆိုကတည်းက …သေစေလိုတဲ့ မနောကံ…သည်လည်းကောင်း၊ သေစေလိုတယ်ဆိုကတည်းက မိမိဓါးဖြင့် ထိုးသွင်းခံရ မည့်သူသည် ….အသက်ရှိသည့် သတ္တ၀ါ….ဟူ၍ လည်းကောင်း၊ တစ်ဦးဦး၊ တစ်ယောက်ယောက်၊ တစ်ကောင်ကောင်ဟူသည့် ပုဂ္ဂိုလ်၊ သတ္တ၀ါ ဧကန်ဖြစ် သည် ဟူသောအယူကို လည်းကောင်း ယူထားပြီးသူ ဖြစ်ရမည့်အပြင် ထို ပုဂ္ဂိုလ်၊ သတ္တ၀ါ၏ အဖြစ်(ဘ၀)ကို အဟုတ်ထင်မှု မောဟ နှင့်အတူ ထို ပုဂ္ဂိုလ်၊ သတ္တ၀ါ၏ အဖြစ် ကို ဖျက်ဆီးပစ်လိုမှု ဒေါသ အားကြီးစွာ ဖြစ်ပေါ်နေရပေမည်။ ထို့ကြောင့် ငါ-သူတပါး၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ ဟူသော တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်ကို အဟုတ်တကယ် ဧကန် ဖြစ်နေသည်ဟု ယူဆထားမှု သက္ကာယဒိဋ္ဌိ ကို သုတမယဥာဏ်၊ စိန္တာမယဥာဏ်၊ ဘာဝနာမယဥာဏ် ဖြင့် အဆင့်ဆင့် စွန့်လွှတ်ထားနိုင်ပြီးသူ ဧကန်အမှန်ဖြစ်ပါက ထိုသူ့အတွက် ကိုယ့်ကျင့်သီလဖောက်ဖျက်မှုသည် မည်သည့်အကြောင်းနှင့်မျှ ဖြစ်လာနိုင်စရာ မရှိတော့ပေ။ …….

ကိုယ်ကျင့်သီလဖောက်ဖျက်မိခြင်း၏ အဓိက အကြောင်းရင်းအစစ် ဖြစ်သည့် …….ငါ- ငါ့ဟာ၊ သူ-သူ့ဟာ ဆိုသည့် တစ်ခုခု၊ တစ်ဦးဦး တစ်ယောက်ယောက်၊ သက်ရှိ-သက်မဲ့ ၊ ပုဂ္ဂိုလ်-သတ္တ၀ါ ဟူသောအယူ ကို သစ္စာတရားကို မမေ့မှု၊ နှလုံးသွင်းဆင်ခြင်မှုဖြင့် အဆင့်ဆင့် စွန့်လွှတ်တတ်မှသာ…..ကိုယ့်ကျင့်သီလစောင့်ထိန်းမှုအတွက် အမှန်တကယ် စိတ်ချရပေမည်။
အကြောင်းရင်းအစစ်ကို သတ်နိုင်မှသာ အကျိုးရပ်ပေလိမ့်မည်။ …. သို့မဟုတ်ပါက ကျွန်ုပ်တို့စောင့်သော သီလမှာ သားကောင်မလာသေးချိန်ထိ ဥပုပ်စောင့်သော ကျားသစ်၏ဥပုပ်သီလမျိုးသာဖြစ်ပြီး အချိန်မရွေး လောဘ-ဒေါသများကြောင့် ကျိုးပျက်သွားနိုင်ပေသည်။

သည်းခံနိုင်သောအတိုင်းအတာ ကို မကျော်လွန်သေးသဖြင့် မြဲနေသော သီလ (သို့) လောဘ-ဒေါသ-သောက တို့ အားကြီးစွာမဖြစ်ပေါ်သေးမီ ထိန်းထားသောသီလမျိုးနှင့်သာ ကျေနပ်ရောင့်ရဲနေပါက …မဂ်ဥာဏ်-ဖိုလ်ဥာဏ်စွမ်းအား- အလောဘ-အဒေါသ-အမောဟစိတ်စွမ်းအားများဖြင့် …ထိန်းနေစရာမလိုဘဲ-သည်းခံ နေစရာမလိုဘဲ အလိုလို လုံခြုံပြီးသား ဖြစ်နေသည့် အဓိသီလများကိုလည်းကောင်း၊ ထိုသီလများကို ဖြစ်စေမည့် တကယ့် အကြောင်းတရားအစစ်အမှန်ကို ကျွန်ုပ်တို့ မည်သို့မျှ နားလည်နိုင်မည်မဟုတ်ပေ။

၆။ ထိန်းထားနေရသောသီလသည် မထိန်းနိုင်သောအခါ ….ထားနေရသောမေတ္တာသည် မထားနိုင်သောအခါ.

ထို့အတူ ကျွန်ုပ်တို့ မေတ္တာတရားပွားများမှုသည် အလွန်ကျေးဇူး များ ကြောင်း လူတိုင်းဆောင်ထားသင့်သော တရားဖြစ်ကြောင်း ကျွန်ုပ်တို့ အထပ် ထပ် ကြားနာကြခဲ့ဖူးလေပြီ။ မေတ္တာတရားအကြောင်းဖွဲ့ဆိုသော တေးသီ ချင်းများ၊ တရားခွေများလည်း ကျွန်ုပ်တို့ မကြာခဏ ကြားနာဖူးခဲ့လေပြီ။ ကျွန်ုပ်တို့ မေတ္တာသုတ်များ မေတ္တာပို့နည်းများ အလွတ်ရနေလောက်အောင် မကြာခဏ လုပ်ဆောင်ရွတ်ဆိုခဲ့ကြဖူးလေပြီ။

သို့ရာတွင် အစိုးရမှ အခွန်တွေ တိုးမြှင့်တော့မည်ဟု သတင်းကြား သောအခါ တွင်လည်းကောင်း၊ မိမိလောက် ပညာ အရည်အချင်း-အတွေ့အကြုံ မရှိသူအား အထက်လူကြီးမှ မိမိအထက်ရာထူးနေရာသို့ တိုးမြှင့်ပေးတော့မည်ဟု သိရသောအခါတွင် လည်းကောင်း၊ မိမိအချစ်ဆုံး သားလေးအား ကျောင်းတွင် အတန်းဖော်တစ်ဦးမှ အကြောင်းမဲ့ ခဲတံနှင့်သွေးထွက်အောင် ထိုးလိုက်သည်ဟု သိရသော အခါတွင်လည်းကောင်း၊ မိမိတို့အိမ်မှ ကြက်ပေါက်လေးများကို ဘေးအိမ်မှ ကြောင်ကြီးမှ လာလာချီနေသည်ဟု သိရသောအခါ တွင် လည်းကောင်း ကျွန်ုပ်တို့ …သတ္တ၀ါအားလုံး ချမ်းသာစေပါစေ.. ၀စီကံမှ မေတ္တာပို့နေသော်လည်း ရင်ထဲမှာတော့ ချွင်းချက်များဖြင့် ယောက်ယက် ခတ်နေသည်ကို ကိုယ့်စိတ်ကိုယ်စစ် တတ်သူများ လွယ်ကူစွာ သိရှိနိုင်လေသည်။

ဒေါသစိတ်-လောဘစိတ်များကို …အဟုတ်မထင်ဘဲ အလိုမလိုက်ဘဲ စွန့်လွှတ်နိုင်သည့် ၀ိပဿနာဘာဝနာမယပညာ မပါဝင်ဘဲ လုပ်ယူ ဖန်တီး ထားသော မေတ္တာသည် မထားနိုင်သောအချိန်တွင် ဒေါသစိတ်က ဘွားဘွားကြီး ပေါ်လာလေသည်။
ထားနေသော မေတ္တာသည် မထားနိုင်သော အချိန်တွင် မေတ္တာမရှိ ဖြစ်လေသည်။ ထိန်းထားသော သီလသည် မထိန်းနိုင်သော အချိန်တွင် သီလမရှိ ဖြစ်လေသည်။ …စစ်မှန်သော ၀ိပဿနာ ဘာဝနာမယပညာ ကြောင့် ဖြစ်လာသည့် အဒေါသစိတ်ကြောင့် … ထားစရာမလိုပဲ အလိုလို ဖြစ်နေသည့် မေတ္တာကို …စစ်မှန်သော ၀ိပဿနာ ဘာဝနာမယပညာကို မကျင့်သုံးဖူးပါက ကျွန်ုပ်တို့ မည်သို့မျှ နားလည်နိုင်မည် မဟုတ်ချေ။

ထိန်းထားရသောသီလသည် မထိန်းထားသောအခါတွင်လည်းကောင်း၊ ထားနေရသောမေတ္တာသည် မထားနိုင်တော့သည့်အချိန်တွင်လည်းကောင်း အားကြီးသော လောဘ-ဒေါသတို့၏ နှိပ်စက်မှုအောင်တွင် ပြားပြားဝပ်သွားလေသည်။

ထိန်းနေရတယ် ဆိုကတည်းက ကိလေသာစိတ်-အရူးစိတ်-အရူး ရောဂါက ရင်ထဲက ရှိနေပြီး ထွက်ထွက်လာနေသောကြောင့် ထိန်းနေရခြင်း ဖြစ်လေသည်။

ဒါဟာ ဘာနဲ့တူသလဲဆိုရင် မိမိအိမ်တွင် အိမ်သားတစ်ဦး အရူးရောဂါ ဖြစ်နေခြင်းကို ပျောက်အောင် ကုသပေးနိုင်ပါလျှက် …. ကုသခြင်းမပြုပဲ … ထိုသူ အရူးနာရောဂါ.. ထ..ထ.. သောအခါ မှသာ အပြစ်မလုပ်မိ အောင်…ကဲ့ရဲ့စရာမဖြစ်အောင် ထိုလူကို ထိန်းထိန်းပေးနေ သကဲ့သို့ ဖြစ်နေလေသည်။

တနည်းဆိုသော် ရှားမီးခဲအား ရေဖြင့်ငြိမ်းသတ်ရန် အခွင့်အရေးရပါလျှက် မငြိမ်းဘဲ အပေါ်မှ ပြာများဖြင့် ဖုံးထားသကဲ့သို့ ဖြစ်လေသည်။ ကိလေသာ လေပြင်းများတိုက်ခတ်လာသောအချိန် ပြာဖြင့် ဖုံးလို့မရခိုက် ရှားမီးခဲများ တရဲရဲ ပြန်လည် တောက်လောင်နေပြန်သကဲ့သို့ ဖြစ်လေသည်။

တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊ တစ်နေရာရာ စသည်ဖြင့် ငါ ငါ့ဟာ ၊ သူ သူ့ဟာဟူ၍ ခွဲခြား ထင်မြင်နေအောင် ….အ၀ိဇ္ဇာ၏ လှည့်စာမှုအောက် …မိမိနားလည်သည့် လောဘ-ဒေါသ-သောကစိတ် များကို အဓိကထား အတည်ယူနေမိကာ ….ထိုစိတ်များရဲ့ တောင်းဆိုမှုအတိုင်း ပြုလုပ်ရာမှ…မေတ္တာ- ကရုဏာ ကင်းမဲ့သော လုပ်ရပ်များ ကို လုပ်ဆောင်မိ ကြလေသည်။ သီလတရားတို့ကို ဖောက်ဖျက်မိကြ လေသည်။

သီလများသည် လည်း ဆောက်တည်လိုက် ပျက်သွားလိုက် မဆုံးနိုင် ဖြစ်ခဲ့ချေပြီ။ မေတ္တာတရား တို့သည်လည်း မကျေနပ်မှု အလိုမကျမှုတို့အောက် ပြားပြားဝပ်ခဲ့ရသည်မှာ မရေမတွက်အောင် ရှိခဲ့ချေပြီ။ ထို့အတွက်ကြောင့် လည်း သဲအင်းဂူဆရာတော်ကြီးမှ လူတစ်သိန်းသေလို့ သုဂတိ တစ်ယောက် ရောက်ဖို့ အလွန်ခဲယဉ်းကြောင်း မိန့်ကြားဖူးလေသည်။

၇) ကိုယ်ကျင့်သီလအစစ် – မေတ္တာတရား – သဒ္ဓါတရား အစစ်အမှန် ဖြစ်ပေါ်ရေး အဓိကထားရမည့် အကြောင်းရင်းမှန်

ထို့အတူ ဗုဒ္ဓါနုဿတိသည်လည်းကောင်း ကိလေသာကင်းသော မြတ်စွာ ဘုရား ဟု ၀စီကံမှ တတွတ်တွတ်ရွတ်ဆိုနေသော်လည်း လောဘ-ဒေါသ-သောက များနှင့် ယောက်ယက်ခတ်နေသော ကျွန်ုပ်တို့သည် အဘယ်မှာလျှင် လောဘ- ဒေါသ ကင်းသော ဘုရားရှင်၏ဥာဏ်တော် (အလောဘ-အဒေါသ-အမောဟစိတ်များ) ကို နားလည် မှန်းဆနိုင်မည် မဟုတ်ပေ …
ဘုရားရှင်၏ဥာဏ်တော် (အလောဘ-အဒေါသ-အမောဟစိတ်များ) ကို ဘာမှန်းမသိဘဲ ဘုရားရှင်ကို ကြည်ညိုပါသည်ဆိုသော ကျွန်ုပ်တို့သည် အဘယ်မှာလျှင် စစ်မှန်သော ကြည်ညိုမှု သဒ္ဓါတရားသည် ဖြစ်နိုင်ပါမည်နည်း။

ထိုကြောင့်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြည်ညိုမှုပြောင်းသွားသော (ဘာသာပြောင်းသွားသော) ဗုဒ္ဓ ဘာသာဝင်တို့သည်လည်း ခေတ်အဆက်ဆက် ရှိနေမည်သာ။

သုတ္တန်တစ်ခုတွင် ဒကာတစ်ဦးသည် ဗုဒ္ဓအား ဆွမ်းဒါနပြုရန်အတွက် ရက်ချိန်း ရွေ့ဆိုင်းရသောအခါ ရှင်မဟာ မောဂ္ဂလာန်မှ ထိုသူ၏ ဒါနပစ္စည်းများ အတွက် ထိုရက်ချိန်းတိုင်အောင် မပျက်စီးဖို့ အာမခံသော်လည်း ထိုသူ၏ သဒ္ဓါတရား ကိုတော့ အာမ..မခံနိုင်ပါဟု ဆိုခဲ့လေသည်….။

လောဘ-ဒေါသ-မောဟ များကို စွန့်လွှတ်ခြင်း အတတ်ပညာ ၀ိပဿနာ ဘာဝနာမယပညာ မပါဝင်ပဲ လောဘ-ဒေါသ-မောဟ များရင်ဝယ်ပိုက်လျှက် ပုထုဇဉ်တို့၏ ကြည်ညိုမှု၊ လှူဒါန်းလိုမှု၊ သီလ စောင့်ထိန်း မှုတို့သည် အဘယ်မှာလျှင် စိတ်ချရ ပါမည်နည်း။
ထို့ကြောင့်လည်း မိုးကုတ်ဆရာတော်ကြီးမှ သစ္စာသိပြီး (၀ိပဿနာ ဥာဏ်နှင့်ယှဉ်ပြီး) ဒါန-သီလပြုရန် လည်းကောင်း၊ သဲအင်းဂူဆရာတော်ကြီးမှ အသိ တစ်လုံး အမြတ်ဆုံး ဟူ၍လည်းကောင်း ဆုံးမ ခဲ့လေ သည်။

ယာယီကုထုံးသည် အတိုင်းအတာတစ်ခုထိ အကျိုးရှိသည်မှန်သော်လည်း ……ယာယီကုထုံးသည် ယာယီသာလျှင် ဖြစ်သင့်ပေလိမ့်မည်.. ယာယီကုထုံးသည် အစစ်အမှန်ကုထုံးမလာသေးမီ သုံးရခြင်းဖြစ်လေရာ ယာယီသာလျှင် စောင့်ရှောက်နိုင်ပေလိမ့်မည်.. ..ယာယီကုထုံးကို တကယ့်အစစ်အမှန်ကုထုံးအဖြစ် ထင်မှတ်မိသွားပါက တကယ့်အစစ်အမှန် ကုထုံးနှင့် အလွဲကြီး လွဲပေမည်။

အမှန်တရား သစ္စာတရားကို မမေ့မှု နှလုံးသွင်းဆင်ခြင်မှုဖြင့် တစ်ခုခု၊ တစ်ဦးဦး တစ်ယောက်ယောက်၊ သက်ရှိ-သက်မဲ့၊ ပုဂ္ဂိုလ်-သတ္တ၀ါ ဟူသော အယူကို ယာယီ မှ သည် အမြစ်ပြတ်စွန့်လွှတ်မှုကြောင့် ဖြစ်ပေါ် လာသော အလောဘ-အဒေါသ-အမောဟစိတ်များဖြင့် ……
….ထိန်းနေစရာမလိုဘဲ လုံခြုံသွားသည့် ကိုယ်ကျင့်သီလမျိုး ……
….ထားနေစရာမလိုဘဲ အလိုလို ဖြစ်ပေါ်နေသည့်မေတ္တာမျိုး…
….ဂုဏ်တော်ပွားနေစရာမလိုဘဲ ဘုရားရှင်၏ အလောဘ-အဒေါသ-အမောဟစိတ်(ဥာဏ်တော်)များကို အတိုင်းအတာ တစ်ခုထိ သိနားလည်လျှက် အလိုလိုဖြစ်ပေါ်နေသည့် ကြည်ညိုမှု သဒ္ဓါတရားမျိုး ….ထိဖြစ်ပေါ်အောင် ကျွန်တော်တို့ ကြိုးစားသွားရပေမည်။

ကျွနိုပ်တို့….အဓိကထားရမည့် အရာများကို အဓိက မထားတတ်ပါက ….အဓိကမဟုတ်သည်များကိုသာ အဓိကထားမိလေတော့သည်။

အဓိကမဟုတ်သည်များကို အဓိကထားမိရာမှ ကျွန်ုပ်တို့တတွေဟာ ရရှိသင့်သည် အခွင့်အရေးများ ဆုံးရှုံးခဲ့သည်မှာလည်း မရေမတွက်နိုင်အောင် ရှိခဲ့ချေပြီ။ ဘ၀မှပေးသော သင်ခန်းစာဆိုသည်များလည်း သင်ယူလို့မဆုံး။ lessons ပေးခဲ့ရလို့ မဆုံး ဖြစ်ခဲ့ချေပြီ။

ယခုကာလတွင် လွတ်မြောက်မှု၊ တည်မြဲမှု၊ ချမ်းသာမှုအစစ်အမှန်ကို အမှန်တကယ် ပေးစွမ်းနိုင်သည့် တစ်ကြောင်း တည်း သော မဂ္ဂင်လမ်းကြီး ထင်ထင်ရှားရှား ရှိခြင်းကြောင့် ယခုခေတ်ကာလကို အချိန် ကာလ ပညတ်အားဖြင့် ၀ိမုတ္တိ ခေတ်ကြီးဟု ခေါ်ကြပေသည်။

ဝိမုတ္တိခေတ်ကြီးနှင့် ကြုံခိုက် ၀ိမုတ္တိ (လွတ်မြောက်အေးငြိမ်းမှုချမ်းသာအစစ်)ဖြစ်ပေါ်ရေး အကြောင်းရင်း အစစ် အမှန်ဖြစ်သည့် တစ်ကြောင်းတည်းသော မဂ္ဂင်လမ်း၊ မဂ္ဂင်လုပ်ငန်း တရား အားထုတ်မှုကို နားလည်မှုလွဲကာ အဓိက မထားမိပါက ၀ိမုတ္တိခေတ်ကြီးကို သက္ကရာဇ်အားဖြင့် တွေ့ကြုံသည်ဆိုသော်လည်း အလွဲကြီး လွဲနေလေပြီ။

၈) ငြင်းပယ်မှုများ နှင့် ငြိတွယ်မှုများ (သို့) လွဲချော်မှုများ

မှန်မှန်ကန်ကန်နားလည်မှု မရှိခြင်းကြောင့်ပင် …..
တချို့က တရား အားထုတ်ပါ က ရူးတတ်သည် ဟူ၍လည်းကောင်း၊ ….
တချို့ကတော့ တရား အား မထုတ်နဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အားထုတ်ရင် လောကီကြီးပွား တိုးတက်ရေး တွေ ဆုတ်ယုတ်ကုန်မယ်ဟူ၍လည်းကောင်း၊….
တချို့ကျတော့လည်း တစ်ကိုယ် ကောင်းဆန်တဲ့အလုပ်၊ ကိုယ်လွတ်ရုန်းတဲ့ အလုပ်အဖြစ်လည်းကောင်း၊ ….
တချို့ကတော့လည်း လူ့ပတ်ဝန်းကျင်မှ သတ်မှတ်သော လူကောင်းဘ၀ ကို အဟုတ်ထင်ပြီး …..((ငါမကောင်းတာ ဘာမှမလုပ် ဒါကြောင့် တရားအားထုတ်ရန် မလို )) ဟူ၍လည်းကောင်း၊ ….
တချို့ကလည်း ဒါန-သီလ-စတဲ့ ပါရမီလုပ်ငန်း တွေ အရင်လုပ် …တရားအလုပ်က ပါရမီတွေပြည့်မှ လုပ်ရမယ့် အလုပ်ဟူ၍ လည်းကောင်း……
မိမိကိုယ်တိုင်လည်း ပါရမီကို ပြည့်မပြည့် တိုင်းတာလို့ လည်းမရဘဲ ကျွန်ုပ်တို့ဟာ ကိုယ်ထင်ရာ ကိုယ်အမှန်တရား လုပ်နေကြပါသည် …. …..

စွန်းလွန်းဆရာတော်ကြီး ကတော့ ပါရမီကို လွှဲချသူများအတွက် အတိတ်က ပါရမီ ၁% သာရှိခဲ့ပါက ယခုဘ၀တွင် ၉၉% လုပ်ဖို့ပဲဖြစ်ကြောင်း၊ အရင်ဘ၀တွင် ပါရမီ ၉၉% ရှိခဲ့ပြီး၊ ယခုဘ၀တွင် ၁% မျှ မလုပ်ဖြစ်ပါက မည်သို့မျှ အမှန်တရားအတွက် လမ်းပွင့်စရာမရှိကြောင်း ဆုံးမဖူးလေသည်။

စွန်းလွန်းဆရာတော်၊ သဲအင်းဂူဆရာတော်၊ မိုးကုတ်ဆရာတော်၊ ဆူနာမီဆရာတော် စသည်ဖြင့် ဆရာတော်များ သည် ဒါန သီလ စသော ဘာသာခြားများပင် နားလည်ပြီး လုပ်ဆောင်တတ်နေသောတရားများလောက် ကို လုပ် ဆောင်တတ်စေဖို့ ဗုဒ္ဓ ပွင့်တော်မူလာရခြင်းမဟုတ်ဘဲ ….
ဝိပဿနာတရားတည်းဟူသော တစ်ကြောင်းတည်းသောလမ်း-မဂ္ဂင် အလုပ်ကို လုပ်ဆောင်တတ်ကြစေပြီး တကယ့်ချမ်းသာအစစ်ကို ရရှိ ကြစေရန် ဗုဒ္ဓ ပွင့်တော်မူလာရခြင်းဖြစ်ကြောင်း၊ …..
ဝိပဿနာ ဘာဝနာမယပညာ (သို့) သစ္စာတရား ကို မမေ့မှု၊ နှလုံးသွင်းတတ်မှု (မဂ္ဂင်အလုပ်) ကို အဓိကထားခြင်းဖြင့် ဖြစ်ပေါ်လာသော အလောဘ-အဒေါသစိတ် များသည် ဒါန၊ သီလတို့ကို အရင်ကထက် လေးနက်စွာ၊ လုံခြုံစွာ ပြုလုပ်-စောင့်ထိန်း လာမည်ဖြစ်ကြောင်း သေချာစွာ အထပ်ထပ် ရှင်းပြ – သင်ပြ ပေးခဲ့ကြသော်လည်း ……
အချို့သည် သိလျှက်နှင့်သော်လည်းကောင်း၊ တချို့လည်း နားစွန်နားဖျား နားထောင်လျှက် နားလည်မှု လွဲခြင်းကြောင့်သော် လည်းကောင်း ၀ိပဿနာ ဆရာတော်များသည် ဒါန၊ သီလကို ပယ်နေသည်-သေးသိမ် အောင် ပြော နေသည် ဟူ၍ ဝေဖန်ကြကာ အမှန်တရားနှင့် အဝေးကြီး ဝေးရပြန်လေသည်။

ကျွန်ုပ်တို့ တရားအလုပ် (သို့) မဂ္ဂင်အလုပ်အပေါ် အမျိုးမျိုး ထင်မြင် ချက်ပေးကာ ငြင်းပယ်မှုများ ကို လည်း ကျွန်ုပ်တို့ ကြားနေရပါသည်။

အမျိုးမျိုးသော ပြဿနာဒုက္ခများကို ဖန်တီးနေသည့် ကိလေသာများကို စွန့်လွှတ်သည့် တစ်ကြောင်း တည်းသောမဂ္ဂင်လမ်းကို ဘာနည်း၊ ညာနည်းဟူ၍ သတ်မှတ်ကာ ငြိတွယ်စွဲလမ်းနေမှုများ ကိုလည်း ကျွန်ုပ်တို့ တရားစခန်း တချို့တွင်တွေ့မြင် နေရသည်မှာ ဖုံးကွယ်စရာမလိုဟု ထင်ပါ သည်။

…..ဘာနည်း၊ ညာနည်း၊ ဘာပဲ၊ ညာပဲ စသည်ဖြင့် တစ်ခုခု ကို အဟုတ် ထင်မှတ်ကာ ငြိတွယ်နေမှု (လောဘ တရား) ကိုလည်းကောင်း၊
…..မိမိ တန်ဖိုးထားနေမှု စံ နှင့် မကိုက်ညီသောကြောင့် မကျေမနပ်ဖြစ်လျှက် အလိုမကျဖြစ်လျှက် …………….ငြင်းပယ်နေမှု (ဒေါသတရား)ကို လည်းကောင်း …
……ထို လောဘ-ဒေါသ-များကို အဟုတ်ထင်နေမှု (မောဟတရား) ကို လည်းကောင်း ……စွန့်လွှတ်သည့် အတတ်ပညာ (တစ်ကြောင်းတည်းသော မဂ္ဂင် အလုပ်အစစ်)သည် မည်သည့် အကြောင်းပြချက်နှင့် မှ ငြင်းဆန်ရန် မသင့် လျော်ပေ။

၉။ နံပါတ်တစ် ထားရန်အလုပ်

ထို့ကြောင့်လည်း မိုးကုတ်ဆရာတော်ကြီးက တရားအလုပ် အားထုတ်မှု (တစ်ခုခုကို ရှုမှတ်နေရန်) ထက် ဒိဋ္ဌိပြုတ်ရေးအလုပ်(သို့) တရားအလုပ် အပေါ် မှန်မှန်ကန်ကန်နားလည်ရေး (သစ္စာတရားများကိုနာကြားသည့်အလုပ်) နံပါတ်တစ် အဓိက ထားရန် အထပ်ထပ် သတိပေး မှာကြား ရှာလေသည်။

ရုပ်၊ ဝေဒနာ၊ စိတ်၊ ခံစားချက်၊ အတွေး စသည် တို့ကို တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊ တစ်နေရာရာ၊ အဖြစ်…အချိန်တစ်ခုကြာ မြဲနေသည်-ဖြစ်နေသည် ဟူသော ထင်မြင်ချက် (အ၀ိဇ္ဇာ-ဒိဋ္ဌိ) ကို မှန်မှန်ကန်ကန် သုတမယ-စိန္တမယ-ဘာဝနာမယဥာဏ်အားဖြင့် အဆင့်ဆင့် မစွန့်တတ်ဘဲ တစ်ခုခုကို ရှုမှတ်၍ တရားအားထုတ်ပါက ကျွန်ုပ်တို့ ဈာန်၊ အဘိဥာဏ်များထိ ရရှိနိုင်မည်ဖြစ်ပါသည် ……
သို့သော် အရှင် ဒေ၀ဒတ္တရဟန်း ကဲ့သို့ (အ၀ိဇ္ဇာ-ဒိဋ္ဌိ)၏ လှည့်စားဖန်တီးမှုအောက် ငါဘုရားဖြစ်ရန် ဟူသည့် …………
စိတ်၊ ခံစားချက်၊ များကို အချိန်တစ်ခုကြာ ရှိနေ-ဖြစ်နေသည့် ငါ့ခံစားချက် များအဖြစ် အတည်ယူကာ-အရှိလုပ်–အဟုတ်ထင်လျှက် အဓိကထား မိရာမှ ……….တရား အားထုတ်မှုကြောင့် ဈာန်၊ တန်ခိုးများ ရရှိခဲ့ငြားသော်လည်း ဘုရားရှင်ကိုပင် လုပ်ကြံသတ်ဖြတ်ရန် အားထုတ်မိသည်အထိ မှားတတ်ကြောင်း ကိုလည်း သတိရသင့်ပေသည်..

၁၀။ တရစပ် ပျက်စီးနေမှု ဒုက္ခသစ္စာလား – ငါ့ဒုက္ခတွေလား

မိုးကုတ်ဆရာတော်ကြီးဟာ ရုပ်ပဲ၊ ဝေဒနာပဲ၊ စိတ်ပဲ စသည်ဖြင့်တစ်ခုခု၊ တစ်ယောက်ယောက် ကို အချိန်တစ်ခုကြာ မြဲနေ၊ ရှိနေသည်ဟူ၍ အရှိလုပ်-အဟုတ်ထင်မှု(အ၀ိဇ္ဇာ) ကြောင့်ဖြစ်ပေါ်နေရသည့် လောဘ၊ဒေါသ (တဏှာ)များကို အတည်ယူ၍၊ အဟုတ်ထင်၍၊ အရှိလုပ်၍ (တရစပ် လျင်မြန်လွန်းစွာ ပျက်စီးနေမှု ကို မသိ၍) အလိုလိုက်မိရာမှ ကံသုံးပါး (သင်္ခါရ၊ ကံ)ကို ပြုလုပ်ကြမိကြလေသည်။

ကံများ တရစပ်ပြုလုပ်မှုကြောင့် ၀ိပဿနာပညာ ဥာဏ်များမဖြစ်ပေါ်နိုင်ပဲ မပြတ်တရစပ် စက္ကန့်မလပ် ဖောက်ပြန်ပျက်စီးနေမှု တွေပဲဖြစ်နေသည်။ ဒုက္ခစက်လည်နေမှုပဲဖြစ်နေသည်၊ အပျက်တွေပဲဖြစ်နေသည်… အဖတ်မတင်မှုတွေဖြစ်နေသည်..ဒုက္ခသစ္စာ သက်သက်သာ ဖြစ်နေသည်။

တစ်ခုခု၊ တစ်ယောက်ယောက်၊ ပုဂ္ဂိုလ်-သတ္တ၀ါဖြစ်နေခြင်းမဟုတ်ကြောင်း၊ …………..
ဒုက္ခအစစ်သည် ဟူသည် တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ဦးဦး နှင့် ပတ်သက်သော သက်ဆိုင်သော ဒုက္ခမဟုတ်ကြောင်း၊………
.ငါ့ဒုက္ခ မဟုတ် …ငါ့ သမုဒယ ဟု ထင်မြင်နေခြင်းသည် တကယ့် ဒုက္ခအစစ်၊ သမုဒယအစစ် မဟုတ်ကြောင်း စက်ဝိုင်းကြီးဖြင့် အထပ်ထပ် ရှင်းပြခဲ့လေသည်။

…သမုဒယသစ္စာ နှင့် ဒုက္ခ သစ္စာ သက်သက်သာဖြစ်နေကြောင်း (တနည်းအားဖြင့်) အကြောင်း အကျိုး ဖြစ်စဉ်များ၏ အပြန်အလှန် ကျေးဇူးပြုနေမှု………..
ဖန်တီးပြုလုပ်နေမှု တို့၏ တရစပ် စက္ကန့်မလပ် ပျက်စီးနေမှု သက်သက်သာဖြစ်ကြောင်း ရှင်းပြခဲ့လေသည်။

ငါ့ဒုက္ခ၊ ငါ့သမုဒယ မပါဝင်သော်လည်း… ငါ့ဒုက္ခတွေ ၊ ငါ့သမုဒယတွေ အဖြစ် အဟုတ်ထင်ကာ ၀မ်းနည်းနေအောင် စိတ်ဖိစီးမှုတွေဖြစ်နေအောင် (တဏှာ-ဥပါဒါန် တွေဖြစ်အောင် အ၀ိဇ္ဇာ၏ လှည့်စားဖန်တီးနေမှု(သင်္ခါရ၊ ကံ)များသာ တရစပ်ဖြစ်ပေါ် ချုပ်ပျောက်နေကြောင်း…ငါဒုက္ခဖြစ်၍… ငါသေသွားခြင်းမျိုး မဟုတ်ကြောင်း….

တစ်ခုခု ဖြစ်၍..ပျက်သွားခြင်း၊ တစ်ယောက်ယောက်မွေး၍ တစ်ယောက်ယောက်သေဆုံးခြင်း ဟူသည့် ပညတ်ဒုက္ခအတု များအပေါ် သောကမဖြစ်စေရန် မငြိတွယ်မိစေရန် – အဟုတ်မထင်မိစေရန် – ရှင်းပြလေသည်။

၁၁။ တစ်ခုခု ဖြစ်၍ တစ်ခုခု ပျက်သွားခြင်းလော… တရစပ်ပျက်စီးနေမှုကို တစ်ခုခုအဖြစ် ထင် မြင် ယူဆ နေခြင်း လော..

ဒါပေမယ့် ကျွန်ုပ်တို့ကတော့ ကိုယ်နားလည်သော တစ်ခုခု-တစ်ယောက်ယောက် အယူကို မစွန့်ဘဲ…တကယ်မဟုတ်သော တစ်ခုခု- တစ်ဦးဦး-(အတ္တ-ငါ) ကို အရှိလုပ်ကာ၊ အဟုတ်ထင်ကာ ထိုတစ်ခုခု၊ တစ်ယောက်ယောက် ကို စက်ဝိုင်းထဲထည့်သွင်းပြီး ထိုတစ်ခုခု၊ တစ်ယောက်ယောက် ကို စက်ဝိုင်းထဲမှ ထွက်ဖို့ရန် ကြိုးစားနေသည်ဟု
နားလည်မှု လွဲပြန်လေသည်…

မြတ်စွာဘုရားမှ အင်္ဂ္ဂုတ္တရနိကာယ် နှင့် ဓါတုကထာ တို့တွင် စိတ်-စေတသိက်-ရုပ်တို့သည် မျက်တောင် တစ်ခတ်တွင် ကုဋေ ငါးထောင်ကျော် (ရုပ်ပျက်နှုန်း)၊ ကုဋေ တစ်သိန်းနှုန်း(စိတ်-စေတသိက်ပျက်နှုန်း) ဖြင့် တရစပ် ဖောက်ပြန် ပျက်စီးနေမှုသည် တကယ့်အနိစ္စ အစစ်ဟု ဆိုငြားသော်လည်း …………………….
ကျွန်ုပ်တို့ကတော့ အချိန်တစ်ခုကြာ မြဲနေပြီး ရှိနေပြီးမှ ပျက်စီးသွားသော အတွေးလေးတစ်ခု၊ နာကျင်မှု လေးတစ်ခု၊ ပူတာလေးတစ်ခု စသည်ဖြင့် တစ်ခုခု၊ တစ်ယောက်ယောက်၏ ပျက်စီးမှု (ပညတ်ဖြစ်ပျက် ) များကို တကယ့် ဖြစ်ပျက် တကယ့် အနိစ္စဟူ၍ အထင်မှားပြန်လေသည်။

ပူတာလေးတစ်ခုက အချိန်တစ်ခုကြာ မြဲနေ-ဖြစ်နေပြီး ….အနိစ္စ ရောက်သွားတာဟု နားလည်ခြင်းမျိုးထက်…တရစပ် လျင်မြန်လွန်းစွာ အနိစ္စ သက်သက် ဖြစ်နေမှု ကို …..ပူတာလေးတစ်ခုဟု အထင်မှားနေကြောင်း နားလည်ဖို့ လိုအပ်ပေသည်..

၁၂။ တရားအလုပ် -မဂ္ဂင်အလုပ်ကို ငြင်းပယ်မှုများ၊ ငြိတွယ်မှုများ၏ အကြောင်းရင်း

ကျွန်ုပ်တို့ဟာ တရစပ် အသစ်အသစ်ဖြစ်ကာ ပျက်စီးနေမှု ဒုက္ခ သစ္စာ အမှန်တရား. ..ကို လက်မခံနိုင် – မသိနိုင်ရာမှ ငါ့ဒုက္ခ၊ ငါ့ခန္ဓာ၊ ငါ့စိတ်၊ ငါ့ဝေဒနာ၊ ငါ့ခံစားချက်အဖြစ် (တစ်ခုခုအဖြစ်) အထင်မှားမိရာမှ မြစ်ဖျားခံကာ ဖြစ်ပေါ်လာသော လောဘ-ဒေါသများကို အရှိလုပ်-အဟုတ်ထင်ကာ အချိန်တစ်ခုကြာ မြဲနေ ဖြစ်နေသည့် တစ်ခုခုအဖြစ် အတည်ယူမိရာမှ မှ တရားအလုပ်အား တစ်ခုခု ပြုလုပ်ခြင်း(သို့) ဘာမှမလုပ်ပဲနေခြင်းဟု အထင်မှားလေတော့ သည်။

ထို တစ်ခုခု-တစ်ယောက်ယောက်ကို အဟုတ်တကယ် ရှိနေ ဖြစ်နေသည် ဟူ၍ အတည်ယူပြီး (သက္ကာယဒိဋ္ဌိ အယူဖြင့်) ဆက်စပ်စဉ်းစား တွေးခေါ်လေရာ ………. တရားအလုပ် အပေါ်တွင် လည်းကောင်း…. တခြားလောကီကိစ္စများ အပေါ် တွင်ရော စိတ်ညစ်စရာ တစ်ခုခု ဟူ၍လည်းကောင်း (သို့) စွဲမက်စရာ တွယ်တာစရာ တန်ဖိုးထားစရာ တစ်ခုခုဟူ၍လည်းကောင်း နားလည်မှု လွဲလေတော့သည်။

ထို့ကြောင့် တရားအလုပ်အပေါ် မှန်မှန်ကန်ကန် နားလည်မှု ရှိရန် အဓိကထားဖို့ လိုအပ်လှပေသည်။

ကျွန်ုပ်တို့ဟာ –

၁) တရားအားထုတ်မှု..မဂ္ဂင်အလုပ်အပေါ် …..တစ်ခုခု၊ တစ်ယောက်ယောက်ကို ရှိနေ-မြဲနေ-ဖြစ်နေသည်ဟု အတည်ယူဆ၍ ထိုတစ်ခုခု၊ တစ်ယောက်ယောက်ကို ပြောင်းလဲဖို့ ကြိုးစားသည့် အလုပ် ဟူ၍ လည်းကောင်း၊
၂) တစ်ခုခုကို(ရုပ်၊ စိတ်၊ ဝေဒနာ)တို့ကို အချိန်တစ်ခုကြာ မြဲနေ-ရှိနေသည့် အနေဖြင့် အတည်ယူကာ အဟုတ်ထင်မှတ်လျှက် ထိုတစ်ခုခု ကို အာရုံ စူးစိုက်နိုင်စေရန် ကြိုးစားခြင်းသည် မဂ္ဂင်တရားအလုပ်ဟူ၍ လည်းကောင်း၊
၃) လူတိုင်းနားလည်နေသည့် အယူ (ခန္ဓာ၊ အတွေး၊ ဝေဒနာစသည်ဖြင့် ခေါ်ဝေါ်နေသော တစ်ခုခုသည် အချိန်တစ်ခုကြာ မြဲနေသည် ဖြစ်နေသည်… သက်တမ်းတစ်ခုလွန်မှ ပျက်သွားသည် ဟူသော အယူ)ကို မစွန့်လွှတ်ဘဲ ….ခန္ဓာ၊ အတွေး၊ ဝေဒနာ စသည့်ဖြင့် တစ်ခုခုကို တကယ်ရှိနေသည် တကယ်ဖြစ်နေသည် ဟုယူဆကာ …အရှိ-အဟုတ်လုပ်လျှက်… ထို ထို နိဗ္ဗါန် ဆိုသည်မှာလည်း ထို ..အချိန်တစ်ခုကြာ မြဲနေ-ဖြစ်နေသည့် ဘာတွေ၊ ညာတွေ၊ တစ်ခုခုတွေ မရှိမှု …ဘာမှမရှိခြင်း…ဟူ၍ နားလည်မှုလွဲရာမှတဆင့် … တရားအလုပ် ဟူသည် ဘာမှမရှိရာ- ဘာမှမဖြစ်ရာ (Nothingness) ရောက်ဖို့အလုပ် ထင်မှတ်ကာ လုပ်ချင်စရာ မကောင်းသော အလုပ်တစ်ခုအဖြစ် အထင်မှားပြန် လေသည်။

တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊ တစ်နေရာရာ၊ အခြေအနေ တစ်ခုကို သက်တမ်းတစ်ခုကြာ တကယ်ဖြစ်နေသည်ဟု အတည်ယူမှု အဟုတ်ထင်မှတ်မှု (သက္ကာယ ဒိဋ္ဌိ)အစွဲကြီးကို မှန်မှန်ကန်ကန် မစွန့်လွှတ်တတ်ပဲ တရားအားထုတ်မှုကို ပြုလုပ်ရာမှ (သို့) တရားအားထုတ်မှုကို လေ့လာရာမှ နားလည်မှုလွဲခြင်း ရလာဒ်များဖြစ်ပေသည်။

ထို့ကြောင့် ကျွန်ုပ်တို့ တရားအလုပ်အပေါ် မှန်မှန်ကန်ကန် နားလည်မှုရှိရန် အဓိကထားရပေမည်။ တနည်းအားဖြင့် တရားအားထုတ်မှုဟူသည် တစ်ခုခု ပြုလုပ်နေခြင်းမဟုတ်ပဲ ၊ ဘာမှမလုပ်ပဲ နေခြင်းမျိုးလည်း မဟုတ်ဘဲ …..မှန်မှန်ကန်ကန် နှလုံးသွင်းနေမှု- မှန်မှန်ကန်ကန်နားလည်နေမှုပင် ဖြစ်ကြောင်းသိဖို့ လိုအပ်ပေသည်။

၁၃။ နံပါတ်နှစ်အရေးကြီးမှု (သို့) နှလုံးသွင်းမှန်မှု (သို့) မှန်မှန်ကန်ကန် နားလည်နေခြင်း သည်ပင် တရားအလုပ်

ကျွန်ုပ်တို့တတွေ အမှန်တရား-သစ္စာတရား-ချမ်းသာအစစ်နားလည်ဖို့ (သောတာပန်ဖြစ်ဖို့) အချက်နှစ်ချက်သာ လိုအပ်ကြောင်း မိုးကုတ်ဆရာတော်ကြီးမှ သစ္စာတရားတော် အမှတ်စဉ်(၂၉) တွင်ဟောကြာ ထားပါတယ်… နံပါတ်တစ် သစ္စာတရားများ နာယူမှု ဖြစ်ပြီး…နံပါတ်နှစ်က တစ်ခုခု ပြုလုပ်နေရမှာ မဟုတ်ဘဲ ..နှလုံးသွင်းမှန်မှု (သို့) မှန်မှန်ကန်ကန် နားလည်နေမှုပဲ.. ဖြစ်ပါသည်။

မိုးကုတ်ဆရာတော်ကြီးဟာ တစ်ခုခု-တစ်ယောက်ယောက် (အတ္တ-ငါ) ကို တစ်ကယ်ရှိနေသည်-တစ်ကယ်ဖြစ်နေသည်ဟု ယူဆသောအယူ (သက္ကာယဒိဋ္ဌိ)ကို မယူမိစေရန် – ထိုအယူကို ရဲရဲစွန့်လွှတ် တတ်စေရန် ………….ဦးခေါင်း မီးလောင် ရင်ဝလှံစူးနေရင်တောင် ထိုဒုက္ခထက်ဖြေရှင်းဖို့ထက် သက္ကာယဒိဋ္ဌိအယူကို အရင်ဖြုတ်ပါ…တစ်ခုခု-တစ်ယောက်ယောက် (အတ္တ-ငါ) ကို တစ်ကယ်ရှိနေသည်-တစ်ကယ်ဖြစ်နေသည်ဟု ယူဆသောအယူ ကို အရင်စွန့်ဖို့ ကြိုးစားပါဟု မြတ်စွာဘုရား၏ပါဠိတော်များကို ကိုးကားလျှက် ဆုံးမစကားကို စတင်နားကြားရစဉ်က ဆရာတော်ကြီးဟာ နဲနဲများ ပိုနေမလားဟု အထင်မှားမိခဲ့လေသည်……

နောက်ပိုင်း တစ်ခုခု-တစ်ယောက်ယောက်-တစ်ချိန်ချိန်-တစ်နေရာရာ-(အတ္တ-ငါ) ဆိုတာ တကယ် ဖြစ်နေသည် ဟူသော အယူ ကို စွန့်လာနိုင်လေလေ…..ငါ…ကို အရှိ အဟုတ် လုပ်နေလို့ …ငါ.. မီးလောင်နေမှန်း…..နားလည်လာသည်။…တရစပ် ပျက်စီးနေမှု ဒုက္ခသစ္စာကို ငါ…ကို အရှိ အဟုတ် လုပ်နေမှု နှင့် ပေါင်းစပ်ပြီး ငါ့ဒုက္ခတွေ လုပ်နေမှန်း နားလည်လာသည်…..
ထိုအခါ ရင်ဝလှံစူးမှု ၊ ဦးခေါင်းမီးလောင်မှု ဒုက္ခ ထက် ………….
ရင်ဝလှံစူးမှု၊ ဦးခေါင်းမီးလောင်မှု တို့၏ နောက်ကွယ်တွင် ……………….

ရင်ဝလှံစူးမှု ၊ ဦးခေါင်းမီးလောင်မှု ကို ခံစားနေသော တစ်ခုခု၊ တစ်ယောက်ယောက်၊ ငါ၊ အတ္တ၊ စိတ်၊ ၀ိဥာဉ်၊ ဝေဒနာ၊ အသက်လေးတစ်ခုခု soul..ego…self….entity သည် အချိန်တစ်ခုကြာ တကယ်ရှိနေ ခံစားနေသည်ဟူသော အစွဲက ………… ((ငါ့ရင်ဝစူးတာ၊ ငါ့ခေါင်းပူနေတာ၊ ငါ့ဒုက္ခတွေ))ဟူ၍ အထင်မှားအောင် တရစပ် ပြုလုပ်နေမှန်း သိနားလည်လာသောအခါ ………
ထို ကဲ့သို့ အထင်မှားအောင် တရစပ် ပြုလုပ်နေမှု ဒုက္ခ က ရင်ဝလှံစူးမှု၊ ဦးခေါင်းမီးလောင်မှုတို့ထက် နှိုင်းဆလို့မရအောင် ကြီးမားနေကြောင်း နားလည်လာလေသည်…..
သစ္စာတရားများကို နာယူဖန်များသောအခါ နှလုံးသွင်းမှန်မှု (သို့) မှန်မှန်ကန်ကန် နားလည်နေမှု (သို့) အမှန်တရား-သစ္စာတရား ကို မမေ့မှု အပ္ပမာဒတရား ဆိုသည်ကို ကျွန်ုပ်တို့ မှန်မှန်ကန်ကန် နားလည်စ ပြုလာပါသည်..
…..နှလုံးသွင်းမှန်မှု ဟူသည် အမှန်တရားသစ္စာတရားကို ………

မှန်မှန်ကန်ကန် နားလည်နေမှု၁ …၊ မှန်မှန်ကန်ကန် နှလုံးသွင်းဆင်ခြင်မှု၂… ၊မှန်မှန်ကန်ကန် သတိရအောက်မေ့မှု (မမေ့မှု)၃ …၊ မှန်မှန်ကန်ကန် အာရုံစုစည်းထားနိုင်မှု၎ …၊ ထိုကဲ့သို့ မှန်မှန်ကန်ကန် နားလည်နေစေရန်-မှန်မှန်ကန်ကန် နှလုံးသွင်းဆင်ခြင်နိုင်စေရန် မှန်ကန်သော ၀ီရိယ စိုက်ထုတ်မှု၅ တို့ဖြစ်လေသည်။

ဒီနေရာမှာရှင်းပြချင်တာက မှန်မှန်ကန်ကန်နားလည်နေမှု၁၊ မှန်မှန်ကန် ကန် နှလုံးသွင်းဆင်ခြင်နေမှု၂၊ မှန်မှန်ကန်ကန် သတိထားမှု(မမေ့မှု)၃၊ မှန်မှန်ကန်ကန်အာရုံစုစည်းတည်ကြည်မှု၎ ၊မှန်မှန်ကန်ကန် ၀ီရိယစိုက် အားထုတ်မှု၅ တို့ဟာ ဘယ်အပေါ်မှာ အဓိကထားရမလဲဆိုတဲ့ object ရွေးချယ် မှုပါပဲ။

သမထတရား အားထုတ်မှုတွင် ကျွန်ုပ်တို့အနေဖြင့် ၀မ်းဗိုက် (သို့) ၀င်လေ ထွက်လေ(သို့) နိမိတ်အာရုံ စသည်ဖြင့် တစ်ခုခု ကို အရှုခံ object အဖြစ် အဓိကထား ရွေးချယ် နိုင်သော်လည်း …..၀ိပဿနာတရား အားထုတ်မှု အတွက်တော့ အရှုခံ object ရွေးချယ်မှု ဟာ တစ်ခုခု (something)ဆိုတဲ့ အရှုခံအဆင့်ကို ကျော်လွန် အောင်သွားရပေမည်။

သက်တမ်းတစ်ခုကြာ မြဲနေ…ရှိနေတဲ့ ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-စိတ် တို့မဟုတ်ဘဲ…….တစ်ခုခု မဟုတ်တဲ့ insubstantiality – no inner core ကို လက်ခံရပေမည်။

ဆရာတော်ကြီးမှ အဓိကထားမှုကို မှန်ကန်စွာ နားလည်စေရန် နံပါတ်တစ် – နှစ် ဖြင့် ပိုင်းခြားပြခဲ့ပါသည်…. ကျွန်ုပ်အနေနဲ့တော့ နံပါတ်တစ် နှင့် နှစ် ကို တလှည့်စီရော- တပြိုက်နက်တည်းရော လုပ်တတ်စေရန် လေ့ကျင့်သင့်သည်ဟု အကြံပြုချင်ပါသည်…..
(၁-သမ္မာဒိဋ္ဌိ၊ ၂-သမ္မသင်္ကပ္ပ ၃-သမ္မာသတိ၊ ၄-သမ္မာသမာဓိ၊ ၅-သမ္မာဝါယာမ)

၁၄။ အမှန်တရား သိရှိရေး မဂ္ဂင်အလုပ်အပေါ် အထင်လွဲခဲ့ ကြပြီးလေပြီ…

…မိမိနားလည်သော တစ်ခုခုကို အရှုခံအဖြစ်ထားကာ အချိန် တစ်ခုကြာ… ရှိတဲ့အနေ မြဲတဲ့ အနေ…ယူဆလျှက် သတိထားနေမှု (မမေ့မှု) ၊ အာရုံ စုစည်းတည်ကြည်မှု တို့ဟာ မဂ္ဂင်လမ်းမှန်အတွက် လိုအပ်ချက် ရှိနေလေသည်……..

………လိုရင်း ကို မရောက်တဲ့ အတွက်လည်း တစ်ခုခုကို အချိန်တစ်ခုကြာ မြဲနေသည်ဟု ယူဆလျှက် အရှိ-အဟုတ်လုပ်ကာ သတိထား-စူးစိုက်ခိုင်း-မှတ်ခိုင်းနေမှုများကြောင့် ရှေ့တွင် ဖော်ပြခဲ့ သည့်အတိုင်း မဂ္ဂင်လမ်းအပေါ် အမှန်တရား သစ္စာတရားအပေါ် နားလည်မှုလွဲခဲ့ကြလေသည်။

ထို့အတွက် မိုးကုတ်ဆရာတော်ဘုရားကြီးမှလည်း စိတ္တနုပဿနာ ရှုပွား နည်း (မိုး(၂)နှာ-၄၅၆မှ။) တွင် …….((တစ်ခုခု အဖြစ် ရှိတာ ရှုနေလို့ရှိရင် ခိုင်တာမြဲတာ ရှုနေသာကြောင့် သဿတဒိဋ္ဌိ ဖြစ်တယ်))ဟူ၍ လည်းကောင်း၊ ……
((ခင်ဗျားတို့က စိတ်ကို အရှုခိုင်းတယ် ဆိုပြီး ကျုပ်ကတော့ စိတ်တွေ လာတိုင်း ရှုနေတာပဲ ဆိုရင် ဒါ ၀ိပဿနာ မဟုတ်ဘူး ၊ ၀ိပဿနာ အပါးမ၀သေးဘူး၊ ဆရာကရင် လိုနေမယ်၊ ကိုယ်ကရင်လဲ လိုနေမယ်)) ဟူ၍လည်းကောင်း၊ ……
(( ခုတော့ မဟုတ်ဘူး၊ ခင်ဗျားတို့က စာ(သတိပဌါန်)ကို ရှေ့ပိုင်းတွင်ပဲဖတ်ပြီး ရှေ့ပိုင်းတွင်ပဲ ပြောနေကြတာ၊ ဒီနောက်ပိုင်း (သမုဒယဓမ္မာ နုပဿီဝါ – ၀ယဓမ္မာ နုပဿီဝါ) ထိအောင် လာရမှာ (မှန်ပါဘုရား))) ဟူ၍ လည်းကောင်း …. ရှင်းပြထားလေသည်။

မှန်မှန်ကန်ကန် နားလည်နေမှု ၊ မှန်မှန်ကန်ကန်နှလုံးသွင်းဆင်ခြင်မှု၊ မှန်မှန်ကန်ကန် သတိရအောက်မေ့မှု (မမေ့မှု) ၊ မှန်မှန်ကန်ကန် အာရုံစုစည်း ထားနိုင်မှု တို့ဟာ ဘယ်အပေါ်မှာထားရမလဲ ဆိုတဲ့ (အရှုခံ) object ဟာ အမှန်တရား သစ္စာတရား(ဓမ္မာနုပဿနာ)ဖြစ်မှသာ မဂ္ဂင်လမ်းမှန်၏ လိုရင်းသို့ ရောက်ပေလိမ့်မည်။

၁၅။ အရှုခံသည် သစ္စာတရားထိဖြစ်ဖို့ ကြိုးစားကြည့်ပါ..

….တနည်းအားဖြင့် ကျွန်ုပ်တို့ အမြဲမပြတ် နှလုံးသွင်းကာ သတိထား ရမယ့် …မမေ့ရမဲ့ အရှုခံ တရားဟာ …..ခံစားချက်များ၊ ဝေဒနာများ၊ အတွေးများ၊ လောဘစိတ်၊ ဒေါသစိတ်များကို အချိန်တစ်ခုကြာ-ရှိနေ-မြဲနေသည်ဟုယူဆလျှက် …..ငါ့ဒေါသ-ငါ့လောဘ-ငါ့စိတ်-ငါ့ဝေဒနာ-ငါ့ခံစားချက်အဖြစ် ….အဟုတ်ထင်နေမှု – အရှိပြုလုပ်နေမှု -အတည်ယူနေမှု- အဓိကထားနေမှု ပဲ ဖြစ်ပါတယ်။
တနည်းအားဖြင့် မမေ့ရမယ့် တရားဟာ မဟုတ်တာကို အဟုတ် ပြုလုပ်နေမှု၊ မရှိတာကို အရှိပြုလုပ်နေမှု၊ မမှန်တာကို အမှန်လုပ်နေမှုပဲ ဖြစ်နေခြင်း (သမုဒယ သစ္စာ အမှန်တရား) ပဲ ဖြစ်ပါသည်…..။ ထို အမှန်တရား ကို မမေ့ဖို့ နှလုံးသွင်း-ဆင်ခြင်နေဖို့ ဖြစ်ပါသည်…

ထိုမှ တဆင့် …တစ်ခုခု၏ ပျက်စီးမှု ဒုက္ခ (အနိစ္စ) မဟုတ်ဘဲ …
တစ်ခုခု ကို အဟုတ်ထင်အောင် ပြုလုပ်နေမှု-
အတည်ယူနေမှု-အဓိကထားနေမှု (သင်္ခါရတရား-သမုဒယသစ္စာ)တို့၏
တရစပ် ပျက်စီးနေမှု အနိစ္စသဘာဝ… ……..(သင်္ခါရတရား -ဒုက္ခသစ္စာ) အမှန်တရား ကို
နှလုံးသွင်းနေရန် ……မမေ့ရန် ဖြစ်ပါသည်။
(( ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ )) မဟာပရိနိဗ္ဗါန်နသုတ်-ဒိဃနိကာယ်
မြတ်စွာဘုရားကိုယ်တိုင်လည်း နောက်ဆုံးအချိန်တွင်
ထို သမုဒယသစ္စာ-ဒုက္ခသစ္စာ အမှန်တရားကို မမေ့ဖို့ …..
(သင်္ခါရ တရား တို့၏ တရစပ်ပျက်စီးနေမှု)ကို မမေ့ဖို့သာ အဓိကထား မှာလေသည်။

သဗ္ဗေသင်္ခါရာ အနိစ္စာ တိ၊
ယဒါ ပညာယ ပဿတိ
အထနိဗ္ဗိန္ဒတိ ဒုက္ခေ၊
ဧသ မဂ္ဂေါ ၀ိသုဒ္ဓိယာ။
(ဓမ္မပဒ ပိုဒ်-၂၇၇) ၏ ….ဆိုလိုရင်းဖြစ်ပါသည်
ကျွန်ုပ်တို့ တကယ်ရှိမနေသော-တကယ်မြဲမနေသော-တစ်ကယ် ဖြစ်မနေသော
တစ်ခုခု၊ တစ်ယောက်ယောက်ကို အရှုခံအဖြစ် ထားနေခြင်း အဆင့်ထက် ကျော်လွန်အောင် သွားရပေမည်။

၁၆။ အမှန်တရား သစ္စာတရားကို မမေ့ဖို့သာ(နှလုံးသွင်းနေဖို့သာ) အဓိကထားပါ

ထို အမှန်တရား(သစ္စာတရား)ကို မမေ့မှု၊ သတိရနေမှု၊ နှလုံးသွင်း ဆင်ခြင်မှု၊ မှန်မှန်ကန်ကန် နားလည်နေမှု၊ ထိုအမှန်တရားအပေါ် မမေ့ရန် နှလုံးသွင်း ဆင်ခြင်မိစေရန် ကြောင့်ကြထား-၀ီရိယစိုက်-အာရုံစုစည်းတည်ကြည်မှု စသည့် လောကီမဂ္ဂင်ငါးပါး ရှုဥာဏ်တရားများသည် ထိုင်နေစဉ် -မျက်စိ မှိတ်ထားစဉ် အချိန် တွင်း မှာသာ ဖြစ်ပေါ်အောင် ပြုလုပ် နိုင်သည် မဟုတ်။

အချိန်မရွေး၊ နေရာမရွေး ထို အမှန်တရား ကို မမေ့ပဲ သတိတရ နှလုံးသွင်းမှု ပြုလုပ်နိုင်လေသည်။ (မှတ်ချက်။ ။ စတင်ပြုလုပ်သူများတော့ ထိုင်လျှက် မျက်စိမှတ်ကာ ပြုလုပ်နိုင်က နားလည်မှု ပိုမိုမြန်ဆန် ပေလိမ့်မည်)

ကျွန်ုပ်တို့ တစ်နေ့တာ ပြုလုပ်နေကျ နေမှု၊ စားမှု၊ ပြောဆို၊ လုပ်ကိုင်မှု၊ များ လည်း ပြုလုပ်ရပေမည်.. နောက်နေ့ ဘာလုပ်မည်-ညာလုပ်မည် မနောကံ အတွေးများ ကြံတွေးနိုင်ပေသည်…သို့သော် အမှန်တရား-သစ္စာတရား ကို မမေ့မှု နှလုံးသွင်းမှုဖြင့် ထိုပြောဆို၊လုပ်ကိုင်၊ကြံစည်မှုများကို သုံးရုံမျှသာ သုံး၍ ထိုကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများကို အဟုတ်ထင်ကာ ငြိတွယ်နေမှု-စွဲလန်းနေမှု – ပူပန်နေမှု- ငါ-ငါ့ဟာ လုပ်နေမှုမူ များကို စွန့်တတ်အောင်လေ့ကျင့်ရပေမည်..

ထိုအမှန်တရားကိုသာ သတိထားဖို့၊ နှလုံးသွင်းဆင်ခြင်နေဖို့၊ မမေ့ဖို့ ကို အဓိက ထားရပေမည်.. ထိုသို့ အမှန်တရားကို သတိရနေခြင်း မမေ့ခြင်း နှလုံးသွင်းဆင်ခြင်နေခြင်းဖြင့် မိမိ နဂိုဖြစ်နေကျ လောဘ-ဒေါသစိတ်များ ဖြစ်ခွင့်မရလေသောအခါ အလောဘ-အဒေါသ-အမောဟစိတ်များ (၀ိပဿနာ ဥာဏ်အစစ်) များဖြစ် ပေါ်လာပေမည်။ ….

ထို ကုသိုလ်စိတ်များသည် ဒါနကို မပြုမိစေရန် တားမြစ်နေသည့် လောဘစိတ်ကို လည်းကောင်း၊
သီလတရားကို ကျိုးပေါက်စေသည့် အဓိက အကြောင်း တရားဖြစ်သည့် ဒေါသစိတ်ကို လည်းကောင်း၊

ဝေဒနာတွေ၊ စိတ်တွေကို အချိန်တစ်ခုကြာ တကယ်ရှိနေ-ဖြစ်နေသည် ဟူ၍ အရှိအဟုတ် ပြုလုပ်နေမှု မောဟစိတ်-အ၀ိဇ္ဇာ-သင်္ခါရ-ကံ စသည့် သမုဒယသစ္စာ များကို လည်းကောင်း
အမြစ်ပြတ် သုတ်သင်ပစ်ဖို့…. ကျေးဇူးပြုနေသည်ကို လည်းကောင်း၊…..

ထို လောဘ-ဒေါသ-မောဟ များကို မှန်ကန်စွာ စွန့်လွှတ်တတ်မှုကြောင့် ဖြစ်ပေါ်လာသော အလောဘ-အဒေါသ-အမောဟ စသည့် အားကြီးသော ကုသိုလ်စိတ်များကြောင့် လောကီ အလုပ်အကိုင် စီးပွားရေး-ပညာရေးအတွက်လည်း အဓိကထား၍ ပူနေစရာမလိုဘဲ အစစ အဆင်ပြေအောင်…စိတ်အေးချမ်းသာစရာ ဖြစ်အောင် ကျေးဇူးပြုနေသည်ကို လည်းကောင်း၊….
ချမ်းသာအစစ်ဖြစ်သည့် နိရောဓသစ္စာကို မျက်မှောက် ပြုနိုင်ရေး ကျေးဇူးပြုနေသည်ကို လည်းကောင်း၊ လက်တွေ့ အားထုတ် ကြည့်သူများ သာလျှင် စိတ်ဒုံးဒုံးကျ သိနိုင်ပေတော့သည်။

၁၆။ တ က ယ့် အ မှား အ စ စ် .

……..အကျိုးလိုလားမှုလို့ ထင်ရလောက်အောင်
တရစပ်ဖောက်ပြန် ပျက်စီးနေမှု ကို ငါ့ မေတ္တာ လို့ ထင်တာ…….

သူတပါးဒုက္ခဖြစ်စေချင်မှုလို့ ထင်ရလောက်အောင်
တရစပ်ဖောက်ပြန် ပျက်စီးနေမှု ကို ငါ့ ဒေါသ လို့ ထင်တာ…….
ရင်ထဲမှ တင်းကြပ်နေတယ်လို့ ထင်ရလောက်အောင်
တရစပ်ဖောက်ပြန် ပျက်စီးနေမှု ကို ငါသောကရောက်တယ် ငါ စိတ်ဖိစီးတယ် လို့ ထင်နေတာ ….
အတွေးတစ်ခုလို ထင်ရလောက်အောင် တရစပ် ဖောက်ပြန်ပျက်စီးနေမှုကို
ငါ စဉ်းစားနေတယ် ထင်နေတာ…
ကောင်းတယ် – ဆိုးတယ်လို့ ထင်ရလောက်အောင် တရစပ် ဖောက်ပြန်ပျက်စီးနေမှုကို ငါခံစားနေရတယ်..ငါ့ဝေဒနာရယ် လို့ ထင်နေတာ…………
ပူတယ် အေးတယ် လို့ ထင်ရလောက်အောင် တရစပ် ဖောက်ပြန်ပျက်စီးနေမှု ကို
ငါပူတယ် – ငါအေးတယ် ထင်နေတာ..
တစ်ခုခုက ဖြစ်ပြီး တစ်ခုခု ပျက်သွားတယ် လို့ ထင်ရလောက်အောင် တရစပ်ဖောက်ပြန်ပျက်စီးနေမှု ကို ငါ ဖြစ်ပျက်မြင်ပြီ ထင်နေတာ…

တစ်ခုခု လို့ ထင်ရလောက် တရစပ်ဖောက်ပြန်ပျက်စီးနေမှု ကို
အနှစ်သာရဟုတ်တယ် အဖတ်တင်တယ် လို့ ထင်နေတာ………..
ဒီလိုလုပ်မှ မှန်တယ် ဟိုလိုလုပ်မှ မှန်တယ် လို့ ထင်ရလောက်အောင်
အ၀ိဇ္ဇာ၏ တရစပ်ဖန်တီးလှည့်စားပြုလုပ်မှု တွေကို
ငါ့ပြုလုပ်ချက် ငါ့ဖန်တီးမှု ငါ့အားထုတ်မှု လို့ ထင်နေတာ….

ဘာမှတရား ညာမှတရား လို့ ထင်ရလောက်အောင်
အ၀ိဇ္ဇာ၏ ဘာတွေ ညာတွေကို …….
အရှိ အဟုတ် တရစပ် ပြုလုပ်နေမှု၊(လှည့်စားမှုများ) ပဲ ဖြစ်နေတာကို

ငါ အလှည့်စားခံရတယ် ထင်နေတာ…
ငါ မှားသွားတယ် ထင်နေတာ….
ဘာမှတရား – ညာမှ တရားလုပ်နေတာ..
ဘာတွေ ညာတွေကို အဟုတ်ထင်မိနေတာ…
တ က ယ့် အ မှား အ စ စ် ပါ…

(ဘာတွေ-ညာတွေ-အတွေးတွေ-ခံစားချက်တွေကို အဟုတ်ထင်ပြီး……..
အရေးကြီးနေမှု
အဓိကထားနေမှုပဲ
တကယ်ဖြစ်နေတယ်…ဆိုတဲ့ အမှန်တရားကို
အဓိကထားဖို့ -မမေ့ဖို့ အဓိကထား ကြိုးစားလျှက်)

မေတ္တာဖြင့်

စိုးဝင်းထွဋ်

(မှတ်ချက်။ ။ စွန်းလွန်းဆရာတော်၊ သဲအင်းဂူဆရာတော်၊ မိုးကုတ်ဆရာတော်၊ တို့နှင့် တကွ သံလျင် သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ (ဆူနာမီဆရာတော်)၏ ဟောကြားချက်များ ကို အခြေခံလျှက် ဘာကို အဓိကထားရမလဲ ဆိုတဲ့ မေးခွန်း ဆောင်းပါးကို ဥာဏ်မီသမျှ တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်..ပိုမို သိနားလည်ရန်အတွက် …..

Attachment : You can read e-book “What Is the Most Importance(ebook)” at http://db.tt/fTPFErLs

Leave a Reply

Your email address will not be published. Required fields are marked *